တစ်မြစ်တည်းရေ တူစုံသောက်သုံးကာ အနာဂတ်ဆီသို့ အတူတကွ လက်တွဲချီတက်မည် — လန်ချန်း-မဲခေါင်ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆယ်စုနှစ်သစ်ကို အတူတကွ စတင်

lmcchina.org,    September 04, 2026
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အရင်းအမြစ် ဆွေးနွေးပွဲကို ဩဂုတ်လ ၂၈ ရက်နေ့၌ ချင်းဟိုင်ပြည်နယ် ရှီနင်းမြို့တွင် စတင်ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရား စတင်ခြင်း ဆယ်နှစ်ပြည့် အချိန်အခါတွင် လန်ချန်း-မဲခေါင်နိုင်ငံများ၏ နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များသည် လန်ချန်းမြစ်၏အရင်းအမြစ် ဖြစ်သော ချင်းဟိုင်တွင် စုစည်းကာ ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအမြစ် ဂေဟစနစ် ထိန်းသိမ်းရေး၊ အရင်းအမြစ် ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံရေး ဟူသောခေါင်းစဉ်ကြီးသုံးရပ်ကို ဗဟိုပြု၍ နက်ရှိုင်းသောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဆယ်နှစ်တာ ပူးပေါင်းဆောင်ရွက်ရေးခရီးကို ပြန်လည်သုံးသပ်ကာ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်သစ်ကို ရှုမျှော်ခဲ့ကြသည်။

ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ဧည့်သည်တော်များက လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် သယံဇာတ ကွဲပြားခြားနားမှုများ ရှိကြပြီး စျေးကွက်၊ လူဦးရေနှင့် တည်နေရာအားသာချက်များမှာ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောအလားအလာများ ရှိသည်ဟု အများအားဖြင့် ယူဆခဲ့ကြသည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးကို ထပ်မံမြှင့်တင်ခြင်းနှင့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ပိုမိုကြီးမားစွာ ဖော်ထုတ်ပေးနိုင်မည်ဟုလည်း ယူဆကြသည်။

ထိုင်း-တရုတ် စီးပွားရေးအသင်းဥက္ကဋ္ဌ Songrit Ratanadilok Na Bhuket က လန်ချန်း-မဲခေါင် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှုဆက်ဆံရေး၊ ပိုမိုအမျိုးစားစုံလင်သော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ ပိုမိုခိုင်မာသော စီးပွားရေး မိတ်ဖက်ဆက်ဆံရေးနှင့် ပိုမိုထိရောက်သော ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အစီအမံများအဖြစ် ပြောင်းလဲရန် အားထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အမျိုးသားထိန်းသိမ်းရေးနယ်မြေများ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Thiv Sophearith က သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သီးခြားစီမံကိန်းများကို ကျော်လွန်ကာ လန်ချန်း-မဲခေါင်မြစ်ကို အပြန်အလှန် ဆက်စပ်နေသော ဂေဟစနစ်တစ်ခုအဖြစ် စုစည်းစီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ဆိုလိုသည်မှာ အရင်းအမြစ်သစ်တောများမှ မြစ်လက်တက်များ၊ စိမ့်မြေများ၊ ရေလွှမ်းလွင်ပြင်များ၊ ရေလွှမ်းသစ်တောများမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသအထိ စုစည်းစီမံခန့်ခွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဇီဝနည်းပညာနှင့် ဂေဟဗေဒဌာန ပတ်ဝန်းကျင်နှင့် မီးခိုးမြူသုတေသနစင်တာ ညွှန်ကြားရေးမှူး Khamhou Tounalom က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ လွှဲပြောင်းမှုနှင့် ဘဏ္ဍာငွေ ပံ့ပိုးမှုတို့ကို အားကောင်းစေခြင်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ၏ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်စွမ်းကို အတူတကွ မြှင့်တင်ရန်အတွက် အလွန်အရေးပါသည်ဟု ပြောကြားခဲ့သည်။

အခမ်းအနားဖွင့်ပွဲတွင် လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ ရိုးရာဝတ်စုံများဖြင့် ကပြဖျော်ဖြေနေသူများအား တွေ့ရစဉ်

ဗီယက်နမ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး Dang Thi Khanh Hoa က ပထဝီဝင်၊ စီးပွားရေးနှင့် အဖွဲ့အစည်းဆိုင်ရာဆက်သွယ်မှုများသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံ ဖြစ်သော်လည်း ရေရှည်တည်တံ့ခိုင်မြဲသောဆက်ဆံရေးကို ရရှိရန်အတွက်မူ အပြန်အလှန် ယဉ်ကျေးမှုတန်ဖိုးများကို နားလည်သဘောပေါက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က မြန်မာနိုင်ငံတွင် ကြွယ်ဝသော ဒြပ်ရှိနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားသော လန်ချန်း-မဲခေါင်နိုင်ငံများနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များကို အတူတကွ ကာကွယ်စောင့်ရှောက်ရန်နှင့် အမွေဆက်ခံရန် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်သုတေသနဌာန ဒုတိယအင်ဂျင်နီယာချုပ်ဟောင်း စိန်ယန်က နိုင်ငံခြောက်နိုင်ငံသည် သမိုင်းနှင့် ယဉ်ကျေးမှု၊ ဒြပ်ရှိနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝရှုခင်းများ စသည့်ပညာရပ်ပေါင်းစုံ ပူးတွဲလေ့လာမှုများ ပြုလုပ်နိုင်ပြီး ယင်းအပေါ် အခြေခံကာ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ပူးတွဲတင်သွင်းခြင်းကို စူးစမ်းရှာဖွေကာ ယဉ်ကျေးမှုဖလှယ်မှု၏ အတိုင်းအတာနှင့် နက်ရှိုင်းမှုကို ချဲ့ထွင်ကာ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးတွင် ပြည်သူများ ပိုမိုများပြားစွာ ပါဝင်နိုင်စေရန် ပြုလုပ်၍ရနိုင်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

တစ်မြစ်တည်းရေ တူစုံသောက်သုံးခြင်းမှ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ခြင်းသို့ ဆယ်နှစ်စုနှစ် တစ်ခုကြာကာလအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံခြောက်နိုင်ငံ၏ စီးပွားရေးဆိုင်ရာဆက်သွယ်မှုများကို ပိုမိုနီးကပ်စေရုံသာမက မြစ်ကမ်းတစ်လျှောက်ရှိ ပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ခင်မင်ရင်းနှီးမှုကိုလည်း စဉ်ဆက်မပြတ် နက်ရှိုင်းစေခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားအား တွေ့ရစဉ်

လှုပ်ရှားမှုကာလအတွင်း နိုင်ငံခြောက်နိုင်ငံသည် အားကစား၊ ချစ်ကြည်ရေးမြို့များနှင့် မီဒီယာ စသည့်နယ်ပယ်များတွင် သဘောတူညီမှုများစွာ ရရှိခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အတိုင်းအတာနှင့် နက်ရှိုင်းမှုကို ထပ်မံချဲ့ထွင်ခဲ့သည်။ တွေ့ဆုံလေ့လာခြင်းဟူသောခေါင်းစဉ်ကို ဗဟိုပြုကာ လန်ချန်း-မဲခေါင် ရိုးရာယဉ်ကျေးမှုအနုပညာညဖျော်ဖြေပွဲ၊ လူငယ်ဆွေးနွေးပွဲ၊ ထူးချွန်ဓာတ်ပုံပြပွဲ၊ မီဒီယာသတင်းထောက်များနှင့် အွန်လိုင်းနာမည်ကြီးများ၏ ကွင်းဆင်းလေ့လာရေး စသည့် ကွဲပြားသောပုံစံများမှတစ်ဆင့် နိုင်ငံခြောက်နိုင်ငံမှ ပြည်သူများအကြား အပြန်အလှန် နားလည်မှု တိုးပွားစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေရန်အတွက် ပိုမိုကြွယ်ဝသောပလက်ဖောင်းများ တည်ဆောက်ပေးခဲ့သည်။