တရုတ်နိုင်ငံက ကိုယ်ကျင့်တရား၊ ကျန်းမာရေးနှင့် သာတူညီမျှမှုကို အလေးထားသည့် အခြေခံပညာရေးကို အဆင့်မြှင့်တင်ရန် ရည်ရွယ်

Xinhua,    July 29, 2026
Size:

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့ရှိ မူကြိုကျောင်းတွင် အမှိုက်ခွဲခြားစနစ် သရုပ်ဖော်ပြသမှု၌ ပါဝင်နေကြသော ကလေးငယ်များကို ၂၀၂၅ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် 

မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ ကမ္ဘာ့အကြီးဆုံးနှင့် အခိုင်မာဆုံး အခြေခံပညာရေးစနစ်များ တည်ဆောက်ထားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပညာရေးကဏ္ဍအား ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအလေးထားသည့် အဆင့်သစ်သို့ မြှင့်တင်ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ 

ပေကျင်းမြို့တွင် ဇူလိုင် ၂၂ ရက်က ကျင်းပသည့် နိုင်ငံအဆင့် အစည်းအဝေး၌  ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ကျန်းမာရေးဦးစားပေးချဉ်းကပ်မှု၊ ကောင်းမွန်သည့် ပညာရေးအရင်းအမြစ်များ ခွဲဝေအသုံးပြုမှုနှင့် စာသင်ကျောင်းများ၊ မိသားစုများနှင့် လူမှုအဖွဲ့အစည်းများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည့် အခြေခံပညာရေး၏ နောက်တစ်ဆင့်အတွက် ဦးစားပေးချက်များကို ထုတ်ပြန်ခဲ့သည်။ 

ယင်းအစည်းအဝေးသို့ ပေးပို့သော ညွှန်ကြားချက်တွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြေခံပညာရေးကို ပိုမိုကျယ်ပြန့်သော ပညာရေးဆိုင်ရာ မဟာဗျူဟာ၏ အုတ်မြစ်အဖြစ် ထားရှိကာ ပညာရေးကဏ္ဍ ဦးဆောင်နိုင်ငံဖြစ်လာရေး ရည်မှန်းချက်အတွက် အခြေခံချမှတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

ကိုယ်ကျင့်တရားနှင့် ကျန်းမာရေး 

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အခြေခံပညာရေးစနစ်ရှိသော နိုင်ငံဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံ၌ မူလတန်း၊ အလယ်တန်း စာသင်ကျောင်းများနှင့် မူကြိုကျောင်း ၄၃၀,၀၀၀ ခန့်ရှိကာ ကျောင်းသား၊ ကျောင်းသူ သန်း ၂၂၀ ပညာသင်ကြားလျက်ရှိသည်။ 

တရုတ်နိုင်ငံ၏ အခြေခံပညာရေးလွှမ်းခြုံမှုနှင့် အဓိကအညွှန်းကိန်းများမှာ ဝင်ငွေ မြင့်မား-အလယ်အလတ်အဆင့် နိုင်ငံများ၏ ပျမ်းမျှအဆင့်များကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ မူကြိုနှင့် မသင်မနေရပညာရေးမှာလည်း ဝင်ငွေမြင့်မားသော နိုင်ငံများ၏ ပျမ်းမျှအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဝန်ကြီး ဟွိုင်ကျင့်ဖုန်က ယခုနှစ် မတ်လ၌ ပြောကြားခဲ့သည်။