တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

Xinhua,    July 23, 2026
Size:

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်တို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် ပေကျင်းမြို့တွင် ဇူလိုင် ၂၀ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် လီက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခဲ့သည့် ကာလရှည်ကြာသော သမိုင်းကြောင်းနှင့်အတူ နီးကပ်သော အိမ်နီးချင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းမှာ စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာလျက်ရှိကာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကျယ်ပြန့်သော အလားအလာများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း လီက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ အပြန်အလှန် အထောက်အကူပေးမှု ခိုင်မာအားကောင်းစေရန်၊ နယ်ပယ်အသီးသီးတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးချမ်းသာများကို စဉ်ဆက်မပြတ် တိုးမြှင့်ရန် ဆန္ဒရှိသည်ဟုလည်း လီက ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ စုပေါင်းညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ရန်၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ခိုင်မာသော တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန်၊ ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်၊ ဘုံသာယာဝပြောမှု မြှင့်တင်ရေးအတွက် အတူတကွလုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိသည်ဟု လီက ဖြည့်စွက်ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု မိမိမျှော်လင့်ပါကြောင်း၊ နှစ်ဖက်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ခိုင်မာအောင်လုပ်ဆောင်သင့်ကြောင်း လီက ဆိုသည်။

တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် လာရောက်သည့် အနူတင်က ယမန်နှစ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုက နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နီးကပ်သော အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းကာ အပြန်အလှန်ဆွေးနွေးမှု ယန္တရားများကို အကျိုးရှိရှိအသုံးချပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးတွင် လက်တွေ့ တိုးတက်အောင်မြင်မှုများ ပိုမိုရရှိရေးအတွက် ကြိုးပမ်းအားထုတ်လိုကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စွဲမြဲခိုင်မာစွာ လက်ကိုင်ပြုကျင့်သုံးသကဲ့သို့ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” သဘောဆောင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ဘယ်သောအခါမှ ထောက်ခံမည်မဟုတ်ဟုလည်း အနူတင်က ဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ခြင်းကို အရှိန်မြှင့်ကြိုးပမ်းလုပ်ဆောင်ကာ တရုတ်ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို ကြိုဆိုလျက်ရှိသလို နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု၊ ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ခေါင်းဆောင်နှစ်ဦးက ကုန်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဉာဏ်ရည်တု နည်းပညာဆိုင်ရာ အသိပညာ၊ လေကြောင်းနှင့်အာကာသ၊ မီဒီယာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို အသိသက်သေပြုခဲ့ကြကြောင်း သိရသည်။