ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တွေ့ဆုံဆွေးနွေး

Xinhua,    July 21, 2026
Size:

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေပိုင်းက ရှန်ဟိုင်းမြို့ ရှီးကျောင်းနိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် ဇူလိုင် ၁၇ ရက် ညနေပိုင်းက ရှန်ဟိုင်းမြို့ ရှီးကျောင်းနိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က မစ္စတာ ဂူတာရက်စ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည့် ၁၀ နှစ်ကြာကာလတွင် ကုလသမဂ္ဂကို ဦးဆောင်၍ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ခြင်း၊ ဥတုရာသီပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို တက်ကြွစွာ ရင်ဆိုင်ကိုင်တွယ်စီမံခြင်း၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို တွန်းအားပေးခြင်း၊ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်ခြင်းများအပေါ် တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးကြောင်း ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ်သည် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်နေရာ ပြန်လည်ရရှိသည့် ၅၅ နှစ်မြောက် ဖြစ်ကြောင်း၊ ၅၅ နှစ်ကြာကာလတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးဆောင်သူ၊ နိုင်ငံတကာစည်းစနစ်၏ ကာကွယ်စောင့်ရှောက်သူအဖြစ် အခိုင်အမာ လုပ်ဆောင်ကာ ကုလသမဂ္ဂကို အစဉ်တစိုက် ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ကြောင်း၊ မိမိအနေဖြင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး အယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို အဆိုပြုခြင်း၏ အဓိက ထည့်သွင်းစဉ်းစားမှုတစ်ခုမှာ ကုလသမဂ္ဂ၏ အနေအထားနှင့် ဩဇာအရှိန်အဝါအား ကာကွယ်စောင့်ရှောက်ရန်ပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန် အစဉ်သဖြင့် ဆောင်ရွက်သွားမည် ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို မြှင့်တင်ကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာအခြေအနေ ပြောင်းလဲရှုပ်ထွေးနေမှုများ ပို၍ သိသာထင်ရှားလာရာ စစ်မှန်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို တစ်ဆင့်တိုးဖော်ဆောင်ရန်နှင့် ကုလသမဂ္ဂ၏ အနေအထားနှင့် အခန်းကဏ္ဍကို ပြန်လည်အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ပထမအနေဖြင့် တရားမျှတမှုနှင့် သမာသမတ်ကျမှုကို လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ နိုင်ငံတိုင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ တန်းတူညီမျှဖြစ်သော အဖွဲ့ဝင် ဖြစ်ရာ နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် တရားဝင်အခွင့်အရေး၊ အကျိုးစီးပွားများမှာ လေးစားမှုရရှိသင့်ပြီး ကမ္ဘာကြီးကို ကြီးနိုင်ငယ်ညှဉ်းတောရိုင်းသဘာဝစည်းမျဉ်းသို့ နောက်ပြန်လှည့်စေအောင် လုပ်ဆောင်၍ လုံးဝမရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် မှန်ကန်မှုကို လက်ကိုင်ထားကာ ဆန်းသစ်တီထွင်ရမည် ဖြစ်ကြောင်း၊ မှန်ကန်မှုကို လက်ကိုင်ထားခြင်း ဆိုသည်မှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်ကို လေးစားလိုက်နာခြင်း၊ ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီးနောက်ပိုင်း ထူထောင်ထားသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာစည်းမျည်းစည်းကမ်းများကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းခြင်းပင် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှု ဆိုသည်မှာ ကုလသမဂ္ဂအား ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲမှုကို တွန်းအားပေးခြင်း၊ မိမိကိုယ်ကို သစ်လွင်အောင် ပြုပြင်ပြောင်းလဲဝံ့ခြင်း၊ အရည်အသွေးနှင့် ထိရောက်မှု ထပ်တိုးမြှင့်တင်ခြင်းပင် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တတိယအနေဖြင့် တာဝန်ယူမှုနှင့် စွမ်းဆောင်မှုကို လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၁၉၀ ကျော်သည် အေးအတူ ပူအမျှ အသိုက်အဝန်း ဟူသော သင်္ဘောကြီးပေါ်တွင် အတူ စီးနင်းနေကြခြင်း ဖြစ်ရာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို လက်တွဲအတူ ရင်ဆိုင်ကိုင်တွယ်သင့်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် တာဝန်ဝတ္တရားများကို ပိုမိုထမ်းရွက်ကာ ပိုမိုကျယ်ပြန့်သောအမြင်အခင်းအကျင်းကို ပြသသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်နိုင်ငံကြီးများ၏ မှန်ကန်သောဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် အစဉ်တစိုက် လက်တွေ့လှုပ်ရှားမှုဖြင့် တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ကာ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပိုမို ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂူတာရက်စ်က သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် နိုင်ငံတာအခြေအနေ မည်သို့ပင် ခက်ခဲရှုပ်ထွေးနေစေကာမူ တရုတ်နိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်တစိုက် ခိုင်မာစွာ ထောက်ခံခြင်း၊ ကုလသမဂ္ဂလုပ်ငန်းများကို ထောက်ခံအားပေးခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာကြီးအတွက် စံနမူနာစိုက်ထူခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်မညီမှုကို ပြုပြင်ပြောင်းလဲခြင်း၊ ဥတုရာသီပြောင်းလဲမှုကို ကိုင်တွယ်ခြင်း၊ ဉာဏ်ရည်ရှိကဏ္ဍ ကောင်းကျိုးဖြစ်ထွန်းစေရန် တွန်းအားပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ရင်ကြားစေ့ခြင်း၊ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းခြင်းများကို တရုတ်နိုင်ငံက အစဥ်အမြဲ အားထားလုပ်ဆောင်ခဲ့ပြီး အရေးကြီး အယူအဆနှင့် အစီအမံများကို အဆိုပြုခဲ့ရာ လေးစားဖွယ်ကောင်းကြောင်း၊ ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားမည် ဖြစ်ပြီး တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ဗိုလ်ကျအနိုင်ကျင့်မှုများကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ကာကွယ်ထိန်းသိမ်းပြီး ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးကာ နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ချိုက်ချီ၊ တင်းရွှဲရှန်၊ ဝမ်ရိ၊ ချန်ကျီနင် တို့လည်း တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေပိုင်းက ရှန်ဟိုင်းမြို့ ရှီးကျောင်းနိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ်