ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက် တွေ့ဆုံဆွေးနွေး

Xinhua,    July 20, 2026
Size:

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလုပ်သဘော ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှီးကျောင်း နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးစဉ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလုပ်သဘော ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှီးကျောင်း နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်- ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော၊ အပြန်အလှန် ဖေးမကူညီသော၊ သံမဏိပမာ ခိုင်မြဲသော ချစ်ကြည်ရေးသည် အချိန်ကာလ၏ ဆေးကြောမှုနှင့် အခက်အခဲများ၏ စမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးသည် အချိန်ကာလတစ်ခု၊ ကိစ္စရပ်တစ်ခုအတွက် ဆက်ဆံရေး မဟုတ်ဘဲ ကမ္ဘာ့အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သည့် ဘုံသဘောတူညီချက်တစ်ခုဖြစ်သလို နှစ်ဖက်စလုံး၏ ဘုံအဖိုးတန်ရတနာလည်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများ ထူထောင်ခဲ့သော သံမဏိပမာ ခိုင်မြဲသည့် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသွားပြီး မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု မြင့်တက်ရန်၊ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို နီးကပ်စွာလုပ်ဆောင်ရန်၊ “စိန်ပွင့်ပမာ ဆဋ္ဌဂံ” ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရကို ဖြည့်တင်းရန်၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား ပိုမိုမြင့်မားသော အဆင့်သို့ စဉ်ဆက်မပြတ် မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပါတီ စီမံခန့်ခွဲခြင်း၊ ပါတီ ဖွံ့ဖြိုးတိုးတက် အားကောင်းစေခြင်း ဟူသော ကြီးမြတ်သည့် လက်တွေ့လုပ်ဆောင်ချက်များမှ ခေတ်သစ် ပါတီတည်ဆောက်ရေး အတွေးအခေါ်ကို ဖြစ်တည်ပုံပေါ်လာစေခဲ့ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်း တည်ဆောက်မှုအတွက် ခိုင်မာအားကောင်းသော အင်အားများ စဉ်ဆက်မပြတ် စုစည်းပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်သည် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ပါတီစီမံခန့်ခွဲမှုနှင့် နိုင်ငံစီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မှုကို မြှင့်တင်ကာ ခေတ်သစ် တရုတ်- ကမ္ဘောဒီးယား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ခိုင်ခိုင်မာမာ ကောင်းမွန်စွာ လျှောက်လှမ်းသွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-ကမ္ဘောဒီးယား အစိုးရချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အခန်းကဏ္ဍကို အသုံးပြုကာ “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” တည်ဆောက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေးလုပ်ငန်း စသည့် သမားရိုးကျလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီပွားရေး စသည့် ထွန်းသစ်စလုပ်ငန်းများ ပျိုးထောင်ရန်၊ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူ့လူနေမှုဘဝအတွက် အကျိုးရှိစေမည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများကို ဘက်စုံညှိနှိုင်း၍ မြှင့်တင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်- ကမ္ဘောဒီးယား သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရားကို ကောင်းမွန်စွာ အသုံးပြုကာ အတုအပပြုလုပ်ခြင်း၊ မှောင်ခိုကူးခြင်း၊ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးတွဲ၍ ပြင်းပြင်းထန်ထန် နှိမ်နင်းကာ ဘုံအကျိုးစီးပွားနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ် လက်တွေ့ဖော်ဆောင်ခြင်းကို အတူတကွ မြှင့်တင်ကာ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်စဲရေး ခိုင်မြဲအောင်လုပ်ဆောင်ခြင်းနှင့် အပြန်အလှန်ယုံကြည်မှုကို တဖြည်းဖြည်းတည်ဆောက်ခြင်းသည် နှစ်နိုင်ငံလုံး၏ အခြေခံ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိရာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်သည် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရေးနည်းလမ်း ရှာဖွေခြင်းအပေါ် ထောက်ခံအားပေးကြောင်း၊ ထို့အတွက်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဟွန်မန်နက်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော အရေးကြီး အယူအဆများနှင့် အဆိုပြုချက်များသည် AI ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ထောက်ပြခဲ့သည်။

ကမ္ဘောဒီးယား- တရုတ် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှု နီးကပ်၍ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝရာ ကမ္ဘောဒီးယားနိုင်ငံ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ကာလရှည်ကြာစွာ ကိုယ်ကျိုးမငဲ့သော ပံ့ပိုးမှုနှင့် အကူအညီများကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်များ နီးကပ်စွာ လုပ်ဆောင်ခြင်း မူဝါဒများသည် လုံးဝပြောင်းလဲသွားမည်မဟုတ်ဘဲ ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးကို တက်ကြွစွာ အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်သွားရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးပါသည့် သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်သွားရန်၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးချဲ့ရန်၊ အခြေခံအဆောက်အအုံ စသည့် အရေးကြီး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်မှု စတင်ရန်၊ ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးအင်အား မြှင့်တင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရာတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် တက်ကြွစွာ တိုက်တွန်းခြင်း၊ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တွန်းအားပေးခြင်းတို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ ထိန်းသိမ်းရန်၊ အခြေအနေ တင်းမာမှုများကို လျှော့ချရန် ခိုင်မာစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ တင်းရွှဲရှန်၊ ဝမ်ရိ၊ ချန်ကျီနင် စသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလုပ်သဘော ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှီးကျောင်း နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးစဉ်