လီချန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး

Xinhua,    June 22, 2026
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ဇွန် ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ချစ်ကြည်ရေးသံယောဇဉ်နက်ရှိုင်းသော အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေး နက်ရှိုင်းစွာ တိုးတက်ရေးအတွက် တစ်ဆင့်တိုး စီစဉ်ရေးဆွဲခဲ့ကြကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ယခင်အတိုင်းမပြောင်းမလဲ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်က အဆင်ပြေချောမွေ့စွာ စီမံအုပ်ချုပ်မှုကို ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုကိုလိုက်နာကာ အစဉ်အလာချစ်ကြည်ရေးအားမြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေရန်၊ နှစ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်းခိုင်မြဲရေးကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှုကို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန်၊ ဒေသတွင်း တည်ငြိမ်မှုနှင့် စည်ပင်ဝပြောမှုအား အတူတကွမြှင့်တင်ရန်အတွက် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အရေးကြီးစီမံကိန်းများ တည်ဆောက်ရေးအား နက်ရှိုင်းစွာ တွန်းအားပေးရန်၊ တရုတ်နိုင်ငံ၏ စည်းကြပ်ခွန်သုည မူဝါဒ အကျိုးအမြတ်အား တစ်ဆင့်တိုး ထုတ်ပေးရန်၊ နှစ်ဖက်ကုန်သွယ်ရေးပမာဏကို စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းထက်တွင် ဆက်လက် အတူလက်တွဲ၍ ရှေ့သို့ချီတက်လိုကြောင်း လီချန်က ထောက်ပြခဲ့သည်။ နှစ်ဖက်အနေဖြင့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ပြီး အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်း အဆိပ်အတောက်များအား အတူတကွ အမြစ်ဖြတ်ဖယ်ရှားကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ စီမံကိန်း ဘေးကင်းလုံခြုံမှုကို လက်တွေ့အာမခံပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့်အတူ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ လူငယ်၊ ကျန်းမာရေး စသည့်ကဏ္ဍ ပူးပေါင်းဖလှယ်မှုများကို နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံပြည်သူချင်း သိရှိနားလည်မှု၊ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ လက်ရှိနိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးရောယှက်လျက်ရှိရာ တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် နိုင်ငံစုံမူဘောင်အတွင်း၌ နီးကပ်စွာ ညှိနှိုင်းတွဲဖက်ဆောင်ရွက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ကာ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဦးမင်းအောင်လှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး ထူထောင်လာသည့်အချိန်မှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်စိတ်ဓာတ်ကို အစဉ်အမြဲလေးစားလိုက်နာပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းကာ ဆိုးတူကောင်းဖက်ဖြစ်သော အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်း၏ သမိုင်းအဆင့်သစ်သို့ လက်တွဲလျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာစောင့်ထိန်းရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ယူဆကာ “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်များကို ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ငလျင်ကြီး ဘေးအန္တရာယ်အား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက အဖိုးတန်သည့် ကူညီမှုများပေးသည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ချိတ်ဆက်မှု ဖော်ဆောင်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး နီးကပ်စေရေး၊ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရေးတို့ကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် စီမံကိန်း လုံခြုံမှုကို များစွာ အလေးထား၍  အာမခံပေးနိုင်ရန်အတွက် အားကောင်းသောအစီအမံများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား အတူတကွ တိုက်ဖျက်သွားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား အပြည့်အဝ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အာဆီယံ-တရုတ်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် နိုင်ငံစုံယန္တရားအောက်တွင် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထက်ပါတွေ့ဆုံဆွေးမှုသို့ ဝူကျိန့်လုန် တက်ရောက်ခဲ့သည်။