
ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလှကြောင်း၊ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ အစဉ်အမြဲ အပြန်အလှန်ဖေးမကူညီခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို အတူတကွ အဆိုပြု၍ လက်တွေ့ကျင့်သုံးခဲ့ပြီး နိုင်ငံအချင်းချင်း တန်းတူရည်တူ ဆက်ဆံရေးနှင့် အကျိုးတူ ဖြစ်ထွန်းစေရေးတို့တွင် စံနမူနာကောင်း ထူထောင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း အယူအဆကို လက်ကိုင်စွဲ၍ မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်မှုကို အိမ်နီးနားချင်း သံတမန်ရေးရာတွင် အရေးကြီးသော နေရာ၌ ထားရှိကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက် မစွက်ဖက်ရေး အခြေခံမူကို လက်ကိုင်စွဲထားပြီး မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေး မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို ဦးတည်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ခြင်းအား အခိုင်အမာ ထောက်ခံပြီး မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဘက်စုံစီမံ ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီပြီး ပြည်သူများ ထောက်ခံအားပေးသော မှန်ကန်သည့် ဖွံ့ဖြိုးတိုး တက်မှုလမ်းကြောင်းကို ရှာဖွေခြင်းအား ထောက်ခံအားပေးကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” စတင်သည့်နှစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုး တိုးတက်မှုအတွေ့အကြုံများကို မျှဝေရန်၊ နိုင်ငံရေးကဏ္ဍတွင် ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန် ယုံကြည်မှုရှိသော၊ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော၊ လုံခြုံရေး ကဏ္ဍတွင် အပြန်အလှန် ညှိနှိုင်းတွန်းအားပေးသော၊ လူမှုယဉ်ကျေးမှုကဏ္ဍတွင် အပြန်အလှန် ကူးလူး ဖလှယ် လေ့လာသင်ယူနိုင်သော တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို ဖန်တီး တည်ဆောက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများ ပိုမိုဆောင်ကြဉ်းပေးရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအကျိုးပြုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံး အိမ်နီးချင်းဖြစ်ပြီး ယုံကြည်စိတ်ချရသော မိတ်ဆွေနှင့် မိတ်ဖက်လည်း ဖြစ်ကြောင်း၊ မတည်ငြိမ်မှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေသော နိုင်ငံတကာအခြေအနေတွင် နှစ်ဦးနှစ်ဖက်သည် မဟာဗျူဟာမြောက် နိုးကြားမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်း၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် နှစ်နိုင်ငံ “Belt and Road” အတူ တည်ဆောက်ရေး၏ အထင်ကရစီမံကိန်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်သည် လုံခြုံရေး အာမခံချက်ရှိမှုကို အခြေခံ၍ အဓိကစီမံကိန်းများ တည်ဆောက်ရေးကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရေးကို အားဖြည့် ကူညီရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီမှုများ ပိုမိုတိုးမြှင့်ပေးရန်၊ “သေးငယ်သော်လည်း အကျိုးရှိသည့်” အကူအညီပေးအပ်မှုများကို ပိုမိုအကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ ပိုမို ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ စသည့် ရာဇဝတ်မှုများကို ဆက်လက်၍ ပြတ်ပြတ်သားသား တိုက်ဖျက်ကာ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အသီးသီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ကြရန်၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေရှည် တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ရန် ထောက်ခံအားပေးကြောင်း၊ ယင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အခြေခံ၊ ရေရှည်အကျိုးစီးပွားတို့နှင့် ကိုက်ညီကြောင်း အလေးပေး ပြောကြားခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အစဉ်အမြဲ အပြန်အလှန်ကူညီ၍ အပြန်အလှန် ထောက်ခံအား ပေးကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို လက်ကိုင်ထားကြောင်း၊ ခိုင်မြဲသော အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး အတူမျှဝေခံစားသော အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အဆင့်သစ်သို့ တက်လှမ်းနေကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး တို့အတွက် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးမဲ့ ပံ့ပိုးကူညီမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒ” (One China Policy) ကို ပြတ်ပြတ်သားသား ဆက်လက် စောင့်ထိန်းသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး မိမိနိုင်ငံ၏ ပကတိ အခြေအနေနှင့် ကိုက်ညီသည့် နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ စူးစမ်းရှာဖွေလျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို တွန်းအားပေး အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံ အပါအဝင် အာရှ အိမ်နီးချင်းနိုင်ငံများအတွက် အရေးပါသော အခွင့်အလမ်းများ ပံ့ပိုးပေးနေ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံကို အတူတကွ တည်ဆောက်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို များစွာအလေးထားပြီး အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်း လိမ်လည်မှုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ကာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံသည် သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို အပြည့်အဝ ထောက်ခံပြီး တရုတ်နိုင်ငံနှင့်အတူ ဘက်စုံချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ ရှေ့မှောက်၌ ပို့ဆောင်ဆက်သွယ်ရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်း စသည့်နယ်ပယ်များ နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ မကျင်းပမီတွင် သမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီး၏ မြောက်ဘက်ခန်းမ၌ သမ္မတ ဦးမင်းအောင်လှိုင်အတွက် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က တန်းစီ၍ အလေးပြုကြသည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် စစ်ဆေးရေး စင်မြင့်ထက်သို့တက်ရောက်ကြပြီး စစ်တီးဝိုင်း အဖွဲ့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကာ ထျန်းအန်းမန်ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပြီး စစ်ကြောင်းချီတက်မှုကို ကြည့်ရှုခဲ့သည်။
ထိုနေ့ နေ့လယ်တွင် သမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီး၏ ရွှေရောင်ခန်းမ၌ သမ္မတ ဦးမင်းအောင်လှိုင်အား ကြိုဆိုဂုဏ်ပြုသော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါအခမ်းအနားများသို့ ဝမ်ယိ ၊ ဝမ်ရှောင်ဟုန် တို့လည်း တက်ရောက်ခဲ့ကြသည်။