
တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ ထောင်လွန်းဆီဆုလစ်နှင့် ဇွန် ၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်တို့က ပါတီအချင်းချင်း ဆက်ဆံရေး၊ ပြည်သူ့လူနေမှုဘဝ၊ ဘဏ္ဍာရေး၊ အကောက်ခွန်၊ ကုန်သွယ်စီးပွားရေး၊ လူငယ်များ ကူးလူးဆက်ဆံရေးနှင့် မီဒီယာ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ အတူတကွ မျက်မြင်သက်သေပြု လက်မှတ်ရေးထိုးခဲ့ကြစဉ်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ ထောင်လွန်း ဆီဆုလစ်နှင့် ဇွန် ၅ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတအဖြစ် ထောင်လွန်း ဆီဆုလစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရခြင်းကို ထပ်မံဂုဏ်ပြုခဲ့ပြီး တရုတ်နိုင်ငံသည် လာအိုနိုင်ငံအား အစဉ်အမြဲလိုပင် အိမ်နီးချင်းသံတမန်ရေး၏ အရေးပါသော ဦးတည်ချက်ဟု ရှုမြင်ကြောင်း၊ လာအိုနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိသော ဆိုရှယ်လစ်ဝါဒလမ်းစဉ်ကို လျှောက်လှမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ လာအိုနိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ စည်းလုံးညီညွတ်မှုဖြင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန်၊ တရုတ်-လာအို ဆက်ဆံရေး ခုန်ပျံကျော်လွှားမှုအသစ် ရရှိရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-လာအို အေးအတူပူအမျှအသိုက်အဝန်း လက်တွဲတည်ဆောက်ရန် ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-လာအို ဆက်ဆံရေးနှင့် နှစ်နိုင်ငံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအား စံချိန်စံနှုန်းမြင့်၊ အရည်အသွေးမြင့်၊ အဆင့်အတန်းမြင့်မားသည့် အခြေအနေဆီသို့ အဆက်မပြတ် တက်လှမ်းသွားနိုင်ရန် တွန်းအားပေးရေးနှင့် ပတ်သက်၍ အမြင်သဘောထား (၄) ချက်ကို တင်ပြခဲ့သည်။ ယင်းတို့မှာ-
ပထမအချက်အနေဖြင့် ဆိုရှယ်လစ်ဝါဒလမ်းကြောင်းကို ထိန်းသိမ်းထားရမည်။ နှစ်ဖက်အနေဖြင့် ဆိုရှယ်လစ်စနစ်နှင့် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍကို အတူတကွ ကာကွယ်ရန်၊ ဗဟာဗျူဟာ ညှိနှိုင်းမှုများကို နီးကပ်စွာ ထိန်းသိမ်းထားရန်၊ နှစ်ပါတီ၏ ၅ နှစ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အသစ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်၊ ပါတီစီမံခန့်ခွဲမှုနှင့် နိုင်ငံစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှုအား နက်ရှိုင်းစွာဖော်ဆောင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံတမန်ရေး၊ ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး “၃+၃” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ထူထောင်ခြင်းအား အခွင့်အလမ်းအဖြစ် မှတ်ယူကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုအခြေခံအုတ်မြစ်ကို ခိုင်ခံ့စေရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ မဟာဗျူဟာ ချိတ်ဆက်မှုကို အားကောင်းစေကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုများ တိုးချဲ့ရန် ဆန္ဒရှိကြောင်း၊ တရုတ်-လာအို ရထားလမ်း ရွှေရောင်လမ်းကြောင်း အားသာချက်ကို အခြေခံ၍ လမ်းကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် “တစ်ဒေသ စစ်ဆေးမှုနှစ်ခု” စနစ်တို့ကို တွန်းအားပေးဆောင်ရွက်သွားရန်၊ တရုတ်-လာအို စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြှင့်တင်ရန်နှင့် အဆင့်မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-လာအို-ထိုင်း ရထားလမ်း ချိတ်ဆက်မှုကို အရှိန်မြှင့်တွန်းအားပေးဆောင်ရွက်ကာ ဒေသတွင်း ပိုမိုကြီးမားသော အပြန်အလှန်ချိတ်ဆက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအား စသည့် အစဉ်အလာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လာအိုအား လက်လှမ်းမီသမျှ ဆက်လက်အကူအညီပေးသွားရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် ပြည်သူများ၏ အစဉ်အလာချစ်ကြည်ရေးကို ခိုင်ခံ့စေရမည်ဖြစ်သည်။ နှစ်ဖက်သည် ယခုနှစ် “တရုတ်-လာအို ချစ်ကြည်ရေးနှစ်” အား အခွင့်အလမ်းအဖြစ် ထားရှိကာ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ကာ အနီရောင်အရင်းအမြစ်များ (Red Resources) နက်ရှိုင်းစွာဖော်ထုတ်ပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုများကို တိုးမြှင့်သွားရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ လူရည်ချွန် လေ့ကျင့်ပျိုးထောင်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန်နှင့် “သေးငယ်သော်လည်း သာယာလှပမှု” ရှိသည့် လူထုအကျိုးပြုစီမံကိန်းများကို ပိုမိုဖန်တီးပေးရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။
စတုတ္ထအချက်အနေဖြင့် နိုင်ငံခြားရေး မူဝါဒ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်သည်။ လာအိုနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို ရေရှည်ထိန်းသိမ်းထားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို ထောက်ခံခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ခြင်း၊ တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားနှင့် အရေးပါသော စိုးရိမ်မှုများကို အခိုင်အမာ ထောက်ခံခြင်းတို့အား တရုတ်နိုင်ငံအနေဖြင့် လေးစားချီးကျူးကြောင်း လာအိုနိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စရပ်များတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာ လုပ်ဆောင်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
ထောင်လွန်းဆီဆုလစ်က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရားဝင်ပြည်ပခရီးစဉ်ဖြစ်သော ယခုခရီးစဉ်သည် လာအို-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ်မြောက်နှင့် ”လာအို-တရုတ် ချစ်ကြည်ရေးနှစ်” အချိန်အခါဖြစ်ရာ အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ လာအိုနိုင်ငံအပေါ် တရုတ်ပါတီ၊ အစိုးရနှင့် ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုနှင့် အဖိုးမဖြတ်နိုင်သော အကူအညီများအတွက် လာအိုနိုင်ငံက အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယခုအကြိမ်ခရီးစဉ်အတွင်း ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒအတွေးအခေါ်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံ ရရှိထားသော ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်မှုများကို မိမိမျက်မြင်သက်သေပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဆိုရှယ်လစ်စနစ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဦးဆောင်စံနမူနာတစ်ခု ဖြစ်လာခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ဗဟုအသွင်ကမ္ဘာကြီးတည်ဆောက်ရေးကို မြှင့်တင်ရာတွင် ပင်မထောက်တိုင် ဖြစ်လာကြောင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လာအိုနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများစွာအတွက် အတုယူလေ့လာနိုင်သော တန်ဖိုးရှိသည့် အတွေ့အကြုံကောင်းများကို ပံ့ပိုးပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
လက်ရှိတွင် လာအို-တရုတ်ဆက်ဆံရေးသည် သမိုင်းဝင်အကောင်းဆုံးအချိန်ကာလတွင် တည်ရှိနေပြီး လာအိုနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အစဉ်အမြဲ ခိုင်မာစွာလက်ကိုင်ထားကာ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် အဆိုပြုထားသော အရေးပါသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံများကိုလည်း ထောက်ခံကြောင်း၊ လာအိုနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ အနေအထားကို မြှင့်တင်ရန် အပြည့်အဝ သဘောတူ၍ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာ ဆောင်ရွက်ရန်၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို အတူတကွတိုက်ဖျက်ရန်၊ ကုန်သွယ်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သတ္တုအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ခေတ်မီစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပတ်ဝန်းကျင်စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်မှုများ မြှင့်တင်ရန်နှင့် ခေတ်သစ် အချိန်အခါမရွေး လာအို-တရုတ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအား ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရေးကို မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထောင်လွန်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုပြီးနောက် နှစ်ဖက်သည် ပါတီအချင်းချင်း ဆက်ဆံရေး၊ ပြည်သူ့လူနေမှုဘဝ၊ ဘဏ္ဍာရေး၊ အကောက်ခွန်၊ ကုန်သွယ်စီးပွား၊ လူငယ်များ ကူးလူးဆက်ဆံရေးနှင့် မီဒီယာ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခြင်းကို အတူတကွ မျက်မြင်သက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်က ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦးပြင်ပ ရင်ပြင်တွင် ထောင်လွန်း ဆီဆုလစ်နှင့် ဇနီး Naly Sisoulith တို့အတွက် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။ ထောင်လွန်း ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ကာ တန်းစီ၍ အလေးပြုခဲ့ကြသည်။ ရှီကျင့်ဖိန်နှင့် ထောင်လွန်းတို့သည် စစ်ဆေးကြည့်ရှုသည့်စင်မြင့်သို့ တက်ရောက်ခဲ့ရာ စစ်တီးဝိုင်းက တရုတ်နိုင်ငံ နိုင်ငံတော်သီချင်းနှင့် လာအိုနိုင်ငံ နိုင်ငံတော်သီချင်းအား တီးမှုတ်ပြီး ထျန်းအန်းမန်ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ ထောင်လွန်းသည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။ ကလေးငယ်များသည် ပန်းစည်းများနှင့် တရုတ်-လာအို နှစ်နိုင်ငံ၏ ပါတီအလံများ၊ နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာ ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ထိုနေ့ညပိုင်းတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်သည် ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမတွင် ထောင်လွန်း ဇနီးမောင်နှံအတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့သည်။
အဆိုပါအစီအစဉ်များသို့ ချိုက်ချီ၊ ဝမ်ရိ စသည့် ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ ထောင်လွန်းဆီဆုလစ်နှင့် ဇွန် ၅ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်