
ယခုလ ၂၃ ရက်နေ့တွင် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကျန်းစူးပြည်နယ် စူးကျိုးမြို့၌ ကျင်းပခဲ့ပြီး“၂၀၂၆ ခုနှစ် APEC ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး စူးကျိုးပူးတွဲ ကြေညာချက်” ကို ထုတ်ပြန်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍ လမ်းပြမြေပုံအသစ်ကို အတည်ပြုခဲ့သည်။ ဘက်အသီးသီးသည် “1+1” တိကျသည့် ရလဒ်များကို ရရှိခဲ့ကြပြီး၊ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးအတွက် အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေးရလဒ်များကို ပံ့ပိုးပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံက APEC အလှည့်ကျသဘာပတိနိုင်ငံ အဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်အတွက် အရေးကြီးသော အခွင့်အလမ်းများကို ဖော်ဆောင်ပေးသည်ဟု အစည်းအဝေးတက်ရောက်လာသူ အများအပြားက သုံးသပ်ကြသည်။
ယခုနှစ်သည် တရုတ်နိုင်ငံအနေဖြင့် APEC သို့ ဝင်ရောက်ခဲ့သည့် ၃၅ နှစ်မြောက်ဖြစ်သလို၊ တတိယအကြိမ်မြောက် အလှည့်ကျသဘာပတိနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်သည့် နှစ်လည်း ဖြစ်သည်။ ကမ္ဘာ့အခြေအနေကို မျှော်ကြည့်လျှင် APEC “တရုတ်နှစ်” အပေါ် ဘက်အသီးသီးက အဘယ်ကြောင့် မျှော်လင့်ချက်ကြီးမားစွာ ထားရှိကြသည်ကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။ လက်ရှိကမ္ဘာကြီးတွင် ပြောင်းလဲမှုနှင့် မတည်ငြိမ်မှုများ ရောယှက်နေပြီး၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လာကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအရှိန်မှာ လျော့နည်းနေသည်။ မကြာသေးမီက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၃.၁% အထိ လျှော့ချခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေတွင် တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၂% အထိ လျှော့ချခဲ့သည်။ ထိုကဲ့သို့ အရေးကြီးသောအချိန်၌ ကမ္ဘာ့စီးပွားရေးတွင် တက်ကြွမှုအရှိဆုံး ဒေသအဖြစ် အာရှ-ပစိဖိတ်ဒေသမှ စီးပွားရေးအုပ်စု ၂၁ ခု စုံညီစွာ တက်ရောက်ခဲ့ကြပြီး၊ ဘက်ပေါင်းစုံနှင့် ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု “မည်သည့်ဦးတည်ချက်သို့ သွားမည်နည်း”ဆိုသည်ကို နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပူးတွဲကြေညာချက်တစ်စောင်နှင့် ဝန်ဆောင်မှုကဏ္ဍ လမ်းပြမြေပုံအသစ်တစ်စောင် ပါဝင်သော “1+1” တိကျသည့် ရလဒ်များကို ရရှိခဲ့ခြင်းမှာ များစွာအဓိပ္ပာယ် လေးနက်လှပါသည်။
လေပြင်းမုန်တိုင်း ထန်လေလေ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား စိတ်ဓာတ်ဖြင့် လက်တွဲကျော်ဖြတ်ရလေလေ ဖြစ်သည်။ APEC “တရုတ်နှစ်” တွင် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးအုပ်စုများနှင့်အတူ ပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်မှုအတွင်း အခွင့်အလမ်းများကို မျှဝေခံစားပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ထို့ပြင် ယခုနှစ်ကုန်တွင် ရှန်ကျန့်မြို့၌ ကျင်းပမည့် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးအတွက် ခိုင်မာသော အုတ်မြစ်ကို ချမှတ်ပေးမည်ဖြစ်ပြီး အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက်လည်း ရေရှည်မောင်းနှင်အားကို ထည့်သွင်းပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် ဒေသ၏ “သေချာရေရာမှုရှိသော အခြေခံအုတ်မြစ်” နှင့် “တည်ငြိမ်အေးချမ်းသော ဆိပ်ကမ်း ” အဖြစ် အမြဲတစေ တည်ရှိနေကြောင်း အချက်အလက်များက သက်သေပြနေသည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။