ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ထရမ့် ကျုံးနန်ဟိုင်တွင် စကားလက်ဆုံပြောဆိုဆွေးနွေး

Xinhua,    May 20, 2026
Size:

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင်တွင် စကားလက်ဆုံပြောဆိုဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက် နံနက်ပိုင်းက တွေ့ရစဉ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ကျုံးနန်ဟိုင်တွင် စကားလက်ဆုံပြောဆိုဆွေးနွေးခဲ့ကြသည်။

နွေဦးကုန်စင်၊ နွေကူးစ အခါသမယတွင် ကျုံးနန်ဟိုင်သည် သစ်ပင်ပန်းမန်များ ဝေဆာကာ စိမ်းလန်းစိုပြည်လျက်ရှိသည်။ ထရမ့်ရောက်ရှိလာချိန်တွင် ရှီကျင့်ဖိန်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲများက လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုကြသလို ဥယျာဉ်အတွင်းရှိ မားမားမတ်မတ် ကြံ့ခိုင်ထည်ဝါလှသည့် ရှေးဟောင်းသစ်ပင်ကြီးများနှင့် အရောင်အသွေးစုံ ဝေဆာနေသော တရုတ်နှင်းဆီပန်းများကို ရပ်တန့်ရှုစားခဲ့ကြသည်။

စကားလက်ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က သမ္မတ ထရမ့်၏ ယခုအကြိမ်ခရီးစဉ်သည် သမိုင်းဝင် အထင်ကရ ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့အတူ အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနေအထား သတ်မှတ်ချက်အသစ်ကို အတည်ပြုခဲ့ကြကြောင်း၊ ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းထားရန်၊ ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ အပြန်အလှန် ဂရုပြုကြသည့်ကိစ္စရပ်များကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းရန်နှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့သလို နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်သော ချိတ်ဆက်ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရန်၊ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို တိုးပွားစေရန် အကျိုးပြုကြောင်း၊ ယင်းမှာ တရုတ်-အမေရိကန်က အပြန်အလှန်လေးစားမှုကို အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းဖြင့် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ သဘောဆန္ဒနှင့် ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူများ၏ မျှော်လင့်ချက် ဖြစ်သည်ကို ထပ်မံ ပြသလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ထရမ့်က အမေရိကန်နိုင်ငံကို ထပ်မံကြီးကျယ်ခမ်းနားစေရန် မျှော်လင့်သလို မိမိအနေဖြင့်လည်း တရုတ်ပြည်သူများကို ဦးဆောင်ကာ တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေးကို ဖော်ဆောင်ရန် အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းမှတစ်ဆင့် ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်၍ ရကြောင်း၊ နှစ်ဖက်အနေဖြင့် မိမိတို့ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ကာ လက်ရှိခဲယဉ်းစွာရရှိလာသည့် ကောင်းမွန်သောအရှိန်အဟုန်ကို တန်ဖိုးထားရမည်ဖြစ်ကြောင်း၊ ဦးတည်ချက်ကို မှန်ကန်စွာ ထိန်းကျောင်း၍ အနှောင့်အယှက်များကို ဖယ်ရှားကာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ထရမ့်က မိမိအား ကျုံးနန်ဟိုင်သို့ ဖိတ်ကြား၍ ဧည့်ခံသည့်အပေါ် သမ္မတ ရှီကျင့်ဖိန်အား အထူးကျေးဇူးတင်ရှိကြောင်း၊ ယခု တရုတ်နိုင်ငံခရီးစဉ်သည် အလွန်အောင်မြင်သည့် ခရီးစဉ် ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက အာရုံစိုက်စောင့်ကြည့်ကြသလို မမေ့နိုင်အောင် အမှတ်တရဖြစ်စေကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အရေးကြီးသဘောတူညီချက်များစွာ ရရှိခဲ့သလို သဘောတူစာချုပ်များကိုလည်း ချုပ်ဆိုနိုင်ပြီး ကိစ္စရပ်များစွာကို ဖြေရှင်းနိုင်ခဲ့ရာ နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အလွန်ပင် အကျိုးရှိစေကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် မိမိ၏ မိတ်ဆွေဟောင်းဖြစ်ပြီး မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန်ကို အထူးလေးစားရာ မိမိတို့အတူ ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးသည် အလွန်အရေးကြီးပြီး မုချမသွေ ပို၍ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ပွင့်လင်းရိုးသားစွာ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးညှိနှိုင်းသွားလိုကြောင်း၊ ဝါရှင်တန်မြို့တွင် သမ္မတ ရှီကျင့်ဖိန်ကို ကြိုဆိုဧည့်ခံရန် လှိုက်လှိုက်လှဲလှဲ မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဖက်အနေဖြင့် ဒေသတွင်း အရေးကြီးကိစ္စရပ်အချို့နှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ချိုက်ချီ၊ ဝမ်ရိ၊ ဟယ်လိဖုန်းတို့လည်း တက်ရောက်ခဲ့သည်။