
အမေရိကန် သမ္မတ ထရမ့်သည် ယခုလ ၁၃ရက်နေ့မှ ၁၅ရက်နေ့ အထိ တရုတ် နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာခဲ့သည်။ တရုတ်ပြည် ခရီးစဉ် အတွင်း တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် "တရုတ်နှင့် အမေရိကန်အကြား အပြုသဘောဆောင်သော မဟာဗျူဟာ မြောက် တည်ငြိမ်သော ဆက်ဆံရေး"ကို နှစ်နိုင်ငံဆက်ဆံရေး၏ အနေအထားသစ် အဖြစ် သဘောတူခဲ့ကြခြင်းသည် အရေး အကြီးဆုံးသော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ဖြစ်သည်။ ယင်းအနေအထားသစ်သည် နောက်သုံးနှစ်နှင့် နောက်ပိုင်း ပိုမို ကြာရှည်သည့် အချိန်ကာလ၏ တရုတ်-အမေရိကန် ဆက်ဆံရေး အတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှု ဖြစ်ရုံသာမက ကမ္ဘာကြီး အတွက် အရေးတကြီး လိုအပ်သော တည်ငြိမ်မှုနှင့် သေချာမှုများကို ထည့်သွင်းပေးမည်လည်း ဖြစ်သည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်ရေး"၏ အဓိက အနှစ် သာရကို မည်သို့ နားလည် သဘောပေါက်သနည်း။ ယင်းနှင့် ပတ်သက်၍ သမ္မတ ရှီကျင့်ဖျင် သည် နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းက ယင်းသည် ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားပြီး အပြုသဘောဆောင်သော တည်ငြိမ်ရေး၊ ယှဉ်ပြိုင်မှု အသင့်အတင့် ဖြစ်ပြီး ကောင်းမွန်သော တည်ငြိမ်ရေး၊ သဘောထား ကွဲလွဲမှုများကို ထိန်းချုပ်နိုင်သည့် ပုံမှန် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်သည့် ရေရှည်တည်ငြိမ်မှု ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အနေအထားသစ်၏ အဓိက အကျဆုံး အချက်မှာ တစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် အရေးကြီး စိုးရိမ်ပူပန်မှုကို တစ်နိုင်ငံက လေးစားခြင်း ဖြစ်သည်။ ထိုင်ဝမ် ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေး အကြီးဆုံးသော ပြဿနာ ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်နှင့် သက်ဆိုင်သည်။ ယခု အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် အမေရိကန်ဘက်က တရုတ်ဘက်၏ ရပ်တည်ချက်ကို သိရှိ နားလည်ပြီး တရုတ်ဘက်၏ စိုးရိမ်ပူပန်မှုကို အလေးထားကာ ထိုင်ဝမ် သီးခြားတည်ရှိရေးကို အသိအမှတ်မပြုသလို လက်လည်းမခံကြောင်း တရုတ်ဘက်က ခံစားနိုင်သည်။
တစ်ချိန်တည်းတွင် စီးပွားကုန်သွယ်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး အတွက် "ကျောက်ဆူး" (ကျောက်ချရပ်နားရာ အခြေခံအုတ်မြစ်) နှင့် "မောင်းနှင်အား" အဖြစ် ဆက်လက် ပါဝင်ဆောင်ရွက်သင့်သည်။ လက်ရှိတွင် အမေရိကန်၌ လုပ်ကိုင်သော တရုတ် လုပ်ငန်း ကုမ္ပဏီ အရေ အတွက်မှာ ၇ထောင်ကျော် ရှိသလို တရုတ် နိုင်ငံတွင် အမေရိကန် လုပ်ငန်း ကုမ္ပဏီ အရေအတွက်မှာ ၈သောင်းခန့် ရှိသည်။ ယင်း ကိန်းဂဏန်းများသည် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးရှိ စေခြင်း win-win ဖြစ်ကြောင်း ပြဆိုနေသည်။
ယခုနှစ်သည် တရုတ် နိုင်ငံ၏ ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း စတင် ဖော်ဆောင်သည့် နှစ် ဖြစ်ပြီး အမေရိကန် လွတ်လပ်ရေး ရရှိသည့် နှစ် ၂၅၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။ ယခုနှစ်တွင် အနေအထားသစ်ကို လမ်းညွှန်ချက် အဖြစ် ခံယူပြီး တရုတ်-အမေရိကန် ဆက်ဆံရေး သင်္ဘောကြီးသည် ခရီးစဉ်သစ်ကို စတင် ခုတ်မောင်းခဲ့သည်။ နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီး သဘောတူညီမှု များကို ကောင်းမွန်စွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားသစ်ကို အသေးစိတ် မူဝါဒများနှင့် လက်တွေ့ကျသော ဆောင်ရွက်ချက်များ အဖြစ် ပြောင်းလဲကာ ၂၀၂၆ခုနှစ်ကို တရုတ်-အမေရိကန် ဆက်ဆံရေး၏ အတိတ်က အစဉ်အလာကောင်းကို ဆက်ခံ၍ အနာဂတ် ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်သည့် သမိုင်းဝင် အမှတ်တရနှစ်တစ်နှစ် ဖြစ်စေရန် မိမိတို့ မျှော်လင့်နိုင်သည်။