"လန်ချန်း-မဲခေါင်ညချမ်း"ဧည့်ခံပွဲကို မတ်လ ၂၀ ရက်က ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin က ၂၀၁၆ ခုနှစ်မှစတင်၍ ဆယ်နှစ်တာကာလသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ရလဒ်ကောင်းများ ကြွယ်ဝစွာ ရရှိခဲ့သည့် “ရွှေရောင်ဆယ်စုနှစ်” ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏အရှိန်အဟုန်မြင့်မားမှုနှင့် ခရီးပေါက်သည့်ခြေလှမ်းတို့က ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် ရှားပါးလှပါကြောင်း၊ ယင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ အားမာန်ပြည့်ဝသော ရှင်သန်စွမ်းအား၊ ခိုင်မာသော စုစည်းညီညွတ်မှုနှင့် ထူးချွန်သည့်လုပ်ဆောင်နိုင်စွမ်းတို့ကို အပြည့်အဝ ပြသကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn နှင့်အတူ ကမ္ဘောဒီးယားအစိုးရမှ သက်ဆိုင်ရာအရာရှိများနှင့် ကိုယ်စားလှယ်များက ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။
Wang Wenbin က အမှာစကား ပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် အောင်မြင်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်ခဲ့ရာ ယင်းတို့သည် နယ်ပယ် ကျယ်ပြန့်မှု၊ လက်တွေ့ရလဒ်များ ပေါ်ထွန်းမှု၊ ပါဝင်သူ များပြားမှု၊ အကျိုးဖြစ်ထွန်းသည့်နယ်ပယ်ကျယ်ပြန့်မှု ဟူသောလက္ခဏာများကို ထင်ဟပ်ပေါ်လွင်စေကြောင်း၊ လွန်ခဲ့သောဆယ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၀၆ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ထောက်ပံ့ပေးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်နယ်ပေါင်း ၁၀ ကျော်မှ လူသိန်းပေါင်းများစွာကို အကျိုးပြုခဲ့ကြောင်း ပြောကြားသည်။
Prak Sokhonn က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး အဓိကကဏ္ဍများစွာတွင် လက်တွေ့ကျသော လုပ်ဆောင်မှုရလဒ်များကို ရရှိခဲ့ကြောင်း၊ ယင်းပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ဘက်ပေါင်းစုံ၏ အပြန်အလှန် ယုံကြည်မှုနှင့် ဘုံရည်မှန်းချက်တို့အပေါ် အခြေခံတည်ဆောက်ထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏စံနမူနာတစ်ရပ် ဖြစ်လာခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်တကွ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်များကို အဆက်မပြတ် ရှာဖွေရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသောအဆင့်သို့ ပူးတွဲမြှင့်တင်ရန်နှင့် နိုင်ငံအသီးသီးမှပြည်သူများအတွက် ရှည်ကြာသော အကျိုးဖြစ်ထွန်းမှုနှင့် ရေရှည်သော စည်ပင်ဝပြောမှုကို ယူဆောင်လာရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။