တရုတ်နိုင်ငံ၏ ဆန်းသစ်သော ဆိုလာထုတ်ကုန်များဖြင့် မြန်မာ့ဆိုလာဈေးကွက် တိုးတက်လျက်ရှိ

Xinhua,    February 03, 2026
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် The 3rd Myanmar Power & Solar Energy Storage Lighting Expo 2026 ပြပွဲ မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အရောင်းပြပွဲ ဆိုင်ခန်းများရှိ တောက်ပသောအလင်းရောင်အောက်တွင် စီတန်းထားသည့် ဆိုလာပြားများ၊ အင်ဗာတာများနှင့် အာမခံချက်ရှိသော စွမ်းအင်သိုလှောင်သည့် စနစ်များက အလားအလာကောင်းများဖြင့် လင်းလက်တောက်ပလျက်ရှိကာ ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားကဏ္ဍရရှိရေးအတွက် မြန်မာနိုင်ငံက ရှာဖွေဖော်ဆောင်ရာ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ ထင်ဟပ်ပေါ်လွင်လျက်ရှိသည်။
Myanmar Power and Solar Energy Storage Lighting Expo 2026 ပြပွဲကို ဇန်နဝါရီ ၁၆ ရက်က စတင်ကျင်းပခဲ့ပြီး အဆိုပါပြပွဲက နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက် ဖြေရှင်းချက်ရှာဖွေနေသော စက်မှုလုပ်ငန်းရှင်များ၊ ထုတ်လုပ်တပ်ဆင်သူများနှင့် သာမန်သုံးစွဲသူများကို ဆွဲဆောင်လျက်ရှိသည်။

Myanmar DPES Exhibition Co.,Ltd. မှ စီစဉ်ကျင်းပသော အဆိုပါသုံးရက်တာ ပြပွဲတွင် အမှတ်တံဆိပ် ၇၇ ကို ကိုယ်စားပြုသည့် အရောင်းပြခန်းပေါင်း ၇၀ ကျော်ကို ပါဝင်ပြသခဲ့သည်။ အဆိုပါ ပြပွဲတွင် ပြသထားသည့် ထုတ်ကုန်အများစုမှာ တရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ပြီး မြန်မာနိုင်ငံ၏ တိုးတက်လာသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဈေးကွက်တွင် တရုတ်နိုင်ငံက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မှုကို အထင်အရှားပေါ်လွင်လျက်ရှိသည်။
Livoltek ၊ Growatt ၊ Skyworth ၊ Absen ၊ GoodWe နှင့် Sigenergy အပါအဝင် ထိပ်တန်း တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၏ ဒေသတွင်း အခြေအနေများနှင့် အံဝင်ခွင်ကျရှိသော ဆိုလာနည်းစနစ်များကို ပြသခဲ့သည်။ ထိုသို့ ခင်းကျင်းပြသထားသည့်ထုတ်ကုန်များတွင် အင်ဗာတာများ၊ ဘက်ထရီများ၊ ဆိုလာပြားများ၊ ဘက်ထရီသိုလှောင်မှုစနစ်များ၊ လျှပ်စစ်ကားအားသွင်းကိရိယာများ၊ ဆိုလာလမ်းမီးများနှင့် ဆိုလာစွမ်းအင်သုံး ရေစုပ်စက်များ ပါဝင်သည်။

Livoltek Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Roc Dong က ၎င်းတို့ကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်း နှစ်မျိုးလုံးကို ဦးတည်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေအတွက်လျှပ်စစ်လိုအပ်ချက်ကို ဆိုလာနဲ့ ဖြေရှင်းမှုနည်းလမ်းတွေ လုပ်ဆောင်ပေးပါတယ်။ အင်ဗာတာတွေနဲ့ ဘက်ထရီတွေက ကုမ္ပဏီရဲ့ အရောင်းရဆုံးထုတ်ကုန်တွေ ဖြစ်ပါတယ်။ စီးပွားဖြစ်အသုံးပြုသူများအတွက်ကတော့ နေရောင်ခြည်စွမ်းအင်က ဒီဇယ်ဂျင်နရေတာတွေကို အစားထိုးပေးပြီး လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချပေးပါတယ်။ တည်ငြိမ်တဲ့ ဓာတ်အားရရှိမှုက သုံးစွဲသူတွေအတွက် နေရောင်ခြည်စွမ်းအင်ကို ပြောင်းလဲရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါတယ်” ဟု Roc Dong က ပြောသည်။
Livoltek သည် ဒေသအလိုက် ဝန်ဆောင်မှုစင်တာများမှတစ်ဆင့် ဒေသခံ မိတ်ဖက်များနှင့် ပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ သုံးစွဲသူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dong က ပြည်သူများ အသိပညာတိုးပွားလာခြင်းနှင့် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ တိုးတက်မှုများကို ကိုးကားပြီး မြန်မာနိုင်ငံ၏ ရေရှည်နေရောင်ခြည်စွမ်းအင် အလားအလာအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ထုတ်ကုန်တွေကို ထောက်ပံ့ပေးရုံသာမက နည်းပညာဆိုင်ရာ အသိပညာနဲ့ အသုံးပြုမှုနည်းလမ်းတွေကို ဒေသခံပြည်သူတွေကို အသိပညာတွေ မျှဝေပေးပါတယ်။ စျေးကွက်ကြီးထွားလာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ တပ်ဆင်ခြင်းနဲ့ ထုတ်လုပ်မှုတွေက အနာဂတ်လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။
ဆိုလာ သုံးစွဲမှု၏ အရွေ့မှာ စတင်နေပြီဖြစ်ကြောင်း New Stellar Energy MM Co., Ltd. ၏ အရောင်းနှင့် လုပ်ငန်းလည်ပတ်ရေး မန်နေဂျာ ကိုစိုင်းဖြိုးအောင်ကပြောသည်။ ၎င်းတို့၏ New Stellar Energy MM Co., Ltd အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသော အစိတ်အပိုင်းများကို အသုံးပြု၍ semi-knocked-down (SKD) စနစ်ဖြင့် ပြည်တွင်း၌ နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များကို တပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ဆိုသည်။
“ကျွန်တော်တို့က ထုတ်ကုန်တွေကို ဒီမှာပဲ တပ်ဆင်ပြီးတော့ ပြည်တွင်းမှာပဲ အရည်အသွေးထိန်းချုပ်တာတွေ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာ့ပထမဆုံး ဆိုလာ SKD စက်ရုံဖြစ်သော New Stellar Energy သည် ၂၀၂၄ ခုနှစ်တွင် ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး နေပြည်တော်တွင် စက်ရုံတစ်ခု တည်ဆောက်လျက်ရှိကာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် စမ်းသပ်ထုတ်လုပ်မှုကို စတင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြည်တွင်းတွင် တပ်ဆင်ခြင်းအားဖြင့် စျေးနှုန်းများ တည်ငြိမ်မှုရှိမည်ဖြစ်ကာ အထူးသဖြင့် အိမ်သုံး သုံးစွဲသူများအတွက် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုမည်ဖြစ်ကြောင်း ကိုစိုင်းဖြိုးအောင်က ရှင်းပြခဲ့သည်။ ထို့ပြင် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ဈေးနှုန်း၊ အရည်အသွေးနှင့် ပံ့ပိုးမှုများမှ အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကုန်စည်ပြပွဲသည် စီးပွားရေးလုပ်ငန်းများအပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများအတွက် လက်တွေ့ကျသောဖြေရှင်းနည်းများကို ရှာဖွေလျက်ရှိသည့် သုံးစွဲသူများစွာကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်မာလာက ၎င်း၏ နေအိမ်တွင် အင်ဗာတာနှင့် တွဲဖက်အသုံးပြုရန်အတွက် အကြမ်းခံသော ဆိုလာပြားများ ရှာဖွေရန် Myanmar Power and Solar Energy Storage Lighting Expo 2026 ပွဲသို့ လာရောက်ခဲ့သည်။
“ရိုးရိုးလျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချချင်တယ်။ အဲကွန်းနဲ့ ရေပူ-ရေအေးစက်ကို ဆိုလာနဲ့ အသုံးပြုဖို့လည်း စီစဉ်နေတာပါ” ဟု ဒေါ်မာလာက ပြောသည်။ တခြားသော သုံးစွဲသူများကဲ့သို့ပင် ၎င်းသည် တရုတ်နိုင်ငံထုတ်ကုန်များအပေါ် အားထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ကိုဇင်ကလည်း ၎င်းအနေဖြင့် စွမ်းအင်ပြပွဲကိုလာရောက်သည်မှာ တတိယအကြိမ်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အိမ်တွင် ဆိုလာကို တပ်ဆင်ထားပြီးနောက် ဆိုင်အသစ်အတွက် ဆိုလာ တပ်ဆင်ရန် လာရောက်ရှာဖွေဖြစ်ကြောင်း သိရသည်။
“ဆိုလာရှိတဲ့အတွက် အလုပ်ကောင်းကောင်းလုပ်လို့ရတယ်။ ပြီးတော့ မီးပျက်တဲ့အခါ ဆိုလာက မဖြစ်မနေလိုအပ်တယ်” ဟု ၎င်းက ပြောသည်။
သက်ကြီးရွယ်အိုများအတွက်မူ ဆိုလာက အကျိုးသက်ရောက်မှုချက်ချင်းရရှိကြောင်း အသက် ၆၉ နှစ်အရွယ်ရှိ ရှေ့နေတစ်ဦးဖြစ်သူ ဦးသန်းအောင်က ပြောကြားသည်။ “မီးပျက်နေချိန်မှာ ဆိုလာစွမ်းအင်ကို အဓိကအသုံးပြုပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ စွမ်းအင် ပြပွဲသည် တပ်ဆင်သူများနှင့် နည်းပညာရှင်များအတွက် လေ့လာသင့်သည့် ပလက်ဖောင်း တစ်ခုဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ဆိုလာ တပ်ဆင်ပေးသူ ဦးဇော်ဝင်းမောင်က “ဒီပွဲကိုလာခြင်းအားဖြင့် ဆိုလာပစ္စည်းတွေနဲ့ ပတ်သက်ပြီး အဖိုးတန် ဗဟုသုတတွေ ရတယ်။ အရည်အသွေးကောင်းတဲ့ ဆိုလာပစ္စည်းတွေကို သုံးတဲ့အခါ နေရာင်ခြည်စွမ်းအင်က အလုပ်လုပ်တာ အရမ်းကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆိုလာပစ္စည်းတွေကို သုံးနေပြီ” ဟုပြောသည်။
ကမ္ဘာကြီးက သန့်ရှင်းသော စွမ်းအင်အသုံးပြုရေးဆီသို့ ပိုမိုအာရုံစိုက်လာသည်နှင့်အမျှ Myanmar Power and Solar Energy Storage Lighting Expo 2026 တွင် တရုတ်နိုင်ငံထုတ် ဆိုလာနည်းပညာက ပြည်ပတင်ပို့သည့် ထုတ်ကုန်ထက် ကျော်လွန်၍ ပြည်တွင်းစက်မှုလုပ်ငန်း၊ နေအိမ်များနှင့် နေ့စဉ်လူနေမှုဘဝတို့ကို ပုံဖော်နေပုံကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် The 3rd Myanmar Power & Solar Energy Storage Lighting Expo 2026 ပြပွဲ မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)