"ဒစ်ဂျစ်တယ် ပိုးလမ်းမ ခရီးစဥ်- လန်ချန်း-မဲခေါင် (ကွမ်ရှီး) စိုက်ပျိုးရေးထုတ်ကုန်ဈေးကြီး"ကို ဇန်နဝါရီလ ၁၆ ရက်က ချုံကျော်မြို့၌ စတင်ကျင်းပခဲ့ရာ လန်ချန်း-မဲခေါင်ဒေသနိုင်ငံများအပြင် မလေးရှားနှင့် ဘရူနိုင်းနိုင်ငံများမှ စိုက်ပျိုးရေးထွက်ကုန်ကုန်သွယ်ရေးကုမ္ပဏီများသည် ဉာဏ်ရည်တုလယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန် ၎င်းတို့၏ အထူးစိုက်ပျိုးရေးထုတ်ကုန်များနှင့် သယ်ဆောင်ကာ ယင်းဈေးပွဲတော်ကြီးသို့ လာရောက်ပါဝင်ဆင်နွှဲကြပါသည်။
ဈေးပွဲတော်ကြီးတွင် ကမ္ဘောဒီးယားဆန်၊ ဗီယက်နမ်အခွံမာသီး၊ လာအိုကော်ဖီ၊ မြန်မာလက်ဖက်နှင့် ထိုင်းအသီးခြောက်များ စသည့်ထုတ်ကုန်အမျိုးမျိုး ပြသခဲ့ကြသလို တရုတ်နိုင်ငံ ကွမ်ရှီး၊ ကွမ်တုန်းနှင့် ယူနန်များမှ စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် ငါးလုပ်ငန်းအပါအဝင် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကုန်ချောပစ္စည်းအမျိုးမျိုးကို ယူဆောင်လာခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြားလန်ချန်း-မဲခေါင်နိုင်ငံများအကြား လယ်ယာထွက်ကုန်ဖလှယ်မှုသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ပုံရိပ်ငယ်ပင် ဖြစ်ပါသည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် မာကျီကန်က လန်ချန်း-မဲခေါင်ဒေသသည် တရုတ်နိုင်ငံ၏ အရေးကြီးသော စိုက်ပျိုးရေးထုတ်ကုန်ကုန်သွယ်ရေးမိတ်ဖက်နှင့် ပြည်ပစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှု အဓိကဒေသ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်များအတွင်း ဗဟိုဌာနသည် မူဝါဒသုတေသန မျှဝေခြင်း၊ နည်းပညာ ရှေ့ပြေးအကောင်အထည်ဖော်ခြင်း၊ ပြပွဲပလက်ဖောင်း တည်ဆောက်ခြင်း၊ လူရည်ချွန် ဖလှယ်ခြင်းနှင့် သင်တန်းပေးခြင်းများမှတစ်ဆင့် လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုသည် ဒစ်ဂျစ်တယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် ပိုမိုများပြားသော လန်ချန်း-မဲခေါင်ဒေသထွက် စိုက်ပျိုးရေးအထူးထုတ်ကုန်များကို ပိုမိုကျယ်ပြန့်သောဈေးကွက်သို့ ရောက်ရှိနိုင်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားပါသည်။