၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံး အစီးရေ ၁၆ သန်းကျော်လွန်

Xinhua,    January 23, 2026
Size:

တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း ယန်းထိုင်သင်္ဘောဆိပ်တွင် တရုတ်ပြည်တွင်းထုတ် မော်တော်ယာဉ်များ ကုန်ရထားတွဲမှ ဆိပ်ကမ်းသို့ မောင်းနှင်ကာ သင်္ဘောတင်ရန် စုစည်းစောင့်ဆိုင်းနေကြသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးမှာ အစီးရေ ၃၄ သန်းကျော်ဖြင့် သမိုင်းစံချိန်သစ် ထပ်မံတင်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ၏ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးအနေဖြင့် အစီးရေ ၁၆ သန်းကျော် ရှိရာ ပြည်တွင်း ကားသစ်ရောင်းချမှုပမာဏတွင် စွမ်းအင်သစ်မော်တော်ယာဉ်သည် ၅၀ ရာခိုင်နှုန်းကျော် နေရာယူထားကြောင်း သိရသည်။

အသေးစိတ်ကြည့်မည်ဆိုလျှင် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် အစီးရေ ၃၄.၅၃၁ သန်းနှင့် ၃၄.၄ သန်း အသီးသီး ရှိပြီး ယမန်နှစ်ကာလတူထက် ၁၀.၄ ရာခိုင်နှုန်းနှင့် ၉.၄ ရာခိုင်နှုန်း တိုးတက်လာရာ ကမ္ဘာ့နံပါတ်တစ်အဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် ၃ နှစ်ဆက်တိုက် အစီးရေ သန်း ၃၀ ကျော်ပမာဏတွင် ထိန်းထားခဲ့သည်။
မောင်းနှင်အားသစ်များ အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လျက်ရှိရာ စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် အစီးရေအားဖြင့် ၁၆.၆၂၆ သန်းနှင့် ၁၆.၄၉ သန်း အသီးသီး ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၉ ရာခိုင်နှုန်းနှင့် ၂၈.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပြီး ကမ္ဘာ့နံပတ်တစ်အဖြစ် ၁၁ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။

“တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်လုပ်ငန်းဟာ ကြီးမားတောင့်တင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရှင်သန်စွမ်းအားကို ဆက်လက်ပြသနေပါတယ်။ စံချိန်စံညွှန်းများစွာက ထပ်ပြီး စံချိန်သစ်တင်ခဲ့ရာ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို အောင်မြင်ပြီးမြောက်အောင် အဆုံးသတ်နိုင်ခဲ့တယ်” ဟု CAAM ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ချန်စစ်ဟွာက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် “သစ်လွင်ရေးနှစ်ရပ်” မူဝါဒကို မြှင့်တင်တိုးချဲ့ခဲ့ရာ ကုမ္ပဏီလုပ်ငန်းများ၏ ကုန်ပစ္စည်းအသစ်များသည် ဈေးကွက်သို့ ခပ်စိပ်စိပ် ရောက်ရှိလာပြီး စားသုံးသူ ဝယ်လိုအားကို စဉ်ဆက်မပြတ် ဖော်ထုတ်လိုက်ရာ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် ခန့်မှန်းခြေတိုးတက်နှုန်းထက် ကျော်လွန်အောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးသည်တင်ကားဈေးကွက် တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုလုံးမှာ အစီးရေ သန်း ၃၀ ကျော်ခဲ့ကြောင်း၊ တရုတ်အမှတ်တံဆိပ် ခရီးသည်တင်ကား ရောင်းအားသည် ၆၉.၅ ရာခိုင်နှုန်းအထိရှိပြီး ယမန်နှင့်ကာလတူထက် ၄.၃ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် လုပ်ငန်းသုံးကားဈေးကွက်သည် ပြန်လည်တည်ငြိမ်ပြီး အကောင်းဘက်သို့ ဦးတည်လာရာ ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏမှာ အစီးရေ ၄ သန်းကျော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ပြည်ပကုန်သွယ်ရေးတွင် ပိုမိုတောင့်တင်းသည့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ရာ တစ်နှစ်ပတ်လုံး မော်တော်ယာဉ် တင်ပို့မှု အစီးရေ ၇ သန်းကျော်ရှိပြီး ၎င်းတို့အနက် စွမ်းအင်သစ်မော်တော်ယာဉ်တင်ပို့မှုမှာ အစီးရေ ၂.၆၁၅ သန်းအထိ ရှိခဲ့သည်။