ယခုလ ၁၄ရက်နေ့က တရုတ် အစိုးရမှ ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၂၅ခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၄၅.၄၇ ထရီလီယံရှိပြီး ၂၀၂၄ခုနှစ်ကထက် ၃.၈ရာခိုင်နှုန်း တိုးလာကာ တစ်ကမ္ဘာလုံး၌ ကုန်ပစ္စည်း ကုန်သွယ်ရေး ပထမ အကြီးဆုံး နိုင်ငံ အဆင့်နေရာတွင် ဆက်လက် ရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးလာပြီး တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒတို့ ဦးမော့လာနေသည့် ရှုပ်ထွေးသော အခြေအနေမျိုးတွင် တရုတ်ပြည် အနေနှင့် နိုင်ငံခြား ကုန်သွယ်ရေးတွင် ယင်းသို့သော အောင်မြင်မှုကို ခက်ခဲစွာ ရရှိခဲ့ခြင်း ဖြစ်သည်။ တရုတ်ပြည်၏ ကုန်ပစ္စည်း ကုန်သွယ်ရေးသည် တိုးတက်မှုကို ၉နှစ် ဆက်တိုက် ထိန်းသိမ်းထားနိုင်သည့် အဓိက အကြောင်းရင်းများမှာ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု တည်ငြိမ်စေရေး မူဝါဒ၏ အားကောင်းသော တွန်းအားပေးမှု၊ အတိုင်းအတာ အလွန် ကြီးမားသော ဈေးကွက်နှင့် ပြည့်စုံသော စက်မှုလုပ်ငန်း စနစ်တို့မှ အားကောင်းသော ကျားကန်ပေးမှုကြောင့် ဖြစ်သည်။ ယင်း နိုင်ငံခြား ကုန်သွယ်ရေး အောင်မြင်မှုသည် တရုတ်ပြည်၏ ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း စတင်ခြင်း အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ကို ချမှတ်ပေးပြီး ကမ္ဘာ့ ကုန်သွယ်ရေးနှင့် စီးပွားရေး နာလန်ပြန်ထူခြင်း အတွက် ယုံကြည်မှုကို တိုးမြှင့်ပေးခဲ့သည်။
ယင်းစာရင်းကို ကြည့်ခြင်းအားဖြင့် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး၏ သိသာထင်ရှားသော ထူးခြားချက်များကို သိရှိနိုင်သည်။ ပထမ အချက်က အတိုင်းအတာ ပိုမို ကြီးမားလာခြင်း ဖြစ်သည်။ ၂၀၂၅ခုနှစ်တွင် တရုတ် နိုင်ငံသည် နိုင်ငံနှင့် ဒေသ ၂၄၀ကျော်နှင့် ကုန်သွယ်မှု ပြုလုပ်ပြီး နိုင်ငံနှင့် ဒေသ ၁၉၀ကျော်နှင့် ပြုလုပ်ခဲ့သော ကုန်သွယ်မှုများတွင် တိုးတက်မှု ရရှိခဲ့သည်။
ဒုတိယ အချက် ကတော့ ကုန်သွယ်မှု အရည်အသွေး ထိရောက်စွာ တိုးမြင့်လာခြင်း ဖြစ်သည်။ ၂၀၂၅ခုနှစ်တွင် တရုတ်ပြည်၏ အဆင့်မြင့် နည်းပညာ ထုတ်ကုန်များ၏ သွင်းကုန်ပို့ကုန် ပမာဏ တိုးနှုန်းသည် ၂၀၂၄ခုနှစ်ကထက် ၁၁.၄ရာခိုင်နှုန်း ပိုမြင့်ပြီး နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၆၀နီးပါး ရှိကြောင်း သက်ဆိုင်ရာ စာရင်း အရ သိရသည်။ ယင်းသည် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး ဖွဲ့စည်းပုံက အဆက်မပြတ် ကောင်းမွန်မျှတလာပြီး ကိုယ့်နိုင်ငံနှင့် တစ်ကမ္ဘာလုံး အတွက် တွန်းအားပေးမှုသစ်များကို ဖော်ဆောင်ပေးနေခြင်းကို ပြဆိုနေသည်။
ပိုမို အရေးကြီးသည့် အချက်တစ်ချက်က တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး၏ win-win ထူးခြားချက်သည် ပိုမိုအားကောင်းလာပြီး ကုန်သွယ်မှု ပိုမို ညီမျှလာသည်။