တစ်မြစ်တည်းရေ တူစုံသောက်သုံး၍ ရေချိုစမ်းချောင်းအိပ်မက်ကို အတူတကွ ဖော်ဆောင်— အာရှတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရန်ပုံငွေစီမံကိန်း "လန်ချန်း-မဲခေါင် ရေချိုစမ်းချောင်းလှုပ်ရှားမှု" ငါးနှစ်ပြည့် အထိမ်းအမှတ်

lmcchina.org,    January 16, 2026
Size:

ရေသည် အသက်၏အရင်းအမြစ် ဖြစ်သကဲ့သို့ ကျန်းမာရေး၏အခြေခံလည်း ဖြစ်သည်။ သန့်စင်အေးမြသော တောင်စမ်းရေ သွယ်ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ရေတွင်းနက်ကြီးများကို တူးဖော်သည်ဖြစ်စေ၊ လွယ်ကူအဆင်ပြေသော ရေယူသည့်နေရာများဖြစ်စေ၊ မိသားစုအိမ်များ သို့မဟုတ် ကျောင်းဝင်းများအတွင်း ရောက်ရှိလာသော ရေသန့်စက်ကိရိယာများဖြစ်စေ — ဤ ရိုးရှင်းပုံရသော လူနေမှုဘဝစီမံကိန်းလုပ်ငန်းများသည် မဲခေါင်နိုင်ငံများရှိကျေးလက်ဒေသများ ဘဝပုံစံကို တိတ်တဆိတ် ပြောင်းလဲစေလျက်ရှိသည်။

တစ်မြစ်တည်းရေ တူစုံသောက်သုံး၍ ကံကြမ္မာချင်း နီးကပ်စွာ ယှက်နွယ်နေသည်။  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ၂၀၁၆ ခုနှစ်က စတင်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ရေးဆွဲပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ထောက်ပံ့မှုဖြင့် တရုတ်ရေအရင်းအမြစ်နှင့် ရေအားလျှပ်စစ် သိပ္ပံသုတေသနဌာန၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုစင်တာ၊ ယန်ဇီမြစ် ရေအရင်းအမြစ်ကော်မရှင် ယန်ဇီမြစ် သိပ္ပံဌာန စသည့် အဖွဲ့အစည်းများသည်  “လန်ချန်း-မဲခေါင် ရေချိုစမ်းချောင်းလှုပ်ရှားမှု”ကို ပူးတွဲဆောင်ရွက်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ ကျေးလက်ဒေသများ၏ သောက်သုံးရေ ဘေးကင်းရေးပြဿနာများကို ဖြေရှင်းရန် လုံးပမ်းအားထုတ်သည်။  ၂၀၂၅ ခုနှစ်ကုန်အထိ “သေးငယ်သော်လည်း လှပ”သော ရေပေးဝေမှု သရုပ်ပြစီမံကိန်းလုပ်ငန်းနေရာ ၁၁၀ သည် ပြည်သူလူထု ၁၃,၀၀၀ ခန့်အား အကျိုးပြုခဲ့ပြီး "လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး" ဟူသောမျှော်မှန်းချက်သည် ကျေးရွာသားများ မျက်နှာပေါ်တွင် ပြေပြစ်သွားသောပြုံးရိပ်များအဖြစ် ပြောင်းလဲခဲ့သည်။

 

တိကျမှန်ကန်စွာ ချိုးဖျက်ကာ လူနေမှု၏ငတ်မွတ်ရေးကို ဖြေရှင်း

ယခင်က လာအိုနိုင်ငံ လွန်ပရာဘန်ပြည်နယ် ဟတ်ရွာ ရွာသားများသည် ရေအရင်းအမြစ်ကြောင့် အိမ်နီးချင်းရွာများနှင့် အဆက်မပြတ် အငြင်းပွားခဲ့ကြသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရွာသားများသည် မိုးရာသီက ရွှံ့ရေနှင့် နွေရာသီက အစိမ်းရောင်ရေညှိရေ သောက်သုံးသောကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းဝေဒနာကို မကြာခဏ ခံစားခဲ့ရကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်လ်ပြည်နယ် စလောင်းရွာကလေးများသည် ဘုန်းကြီးကျောင်းရှိရေတိမ်တွင်းမှရေကို နေ့စဉ် မိနစ် ၃၀ လမ်းလျှောက်၍ ခပ်ယူကြရသည်။ ယင်းတို့မှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ စသည့်နိုင်ငံများရှိ ကျေးလက်ဒေသများတွင် ကျယ်ပြန့်စွာ တည်ရှိသည့် ရေအခက်အခဲပြဿနာများ — ရေပမာဏ မလုံလောက်ခြင်း၊ ရေအရည်အသွေး ညံ့ဖျင်းခြင်းနှင့် ရေရယူရန် အခက်အခဲရှိခြင်းတို့ ဖြစ်သည်။

ရှုပ်ထွေးပြီး ကွဲပြားသော သဘာဝပတ်ဝန်းကျင်နှင့် အခြေခံအခြေအနေများ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ “ဒေသအလိုက် သင့်တော်သည့်နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း”သည် “ရေချိုစမ်းချောင်းလှုပ်ရှားမှု”စီမံကိန်းအဖွဲ့အတွက် ခဲရာခက်ဆစ်များကို ဖြေရှင်းရန် “ရွှေသော့ချက်” ဖြစ်သည်။ လာအိုနိုင်ငံ လွန်ပရာဘန်ပြည်နယ်နှင့် ပွန်စလီပြည်နယ်များရှိ တောင်တန်းဒေသများတွင် ကွင်းဆင်းလေလာခြင်း၊ လက်တွေ့စုံစမ်းစစ်ဆေးခြင်း၊ ရေပမာဏ အကဲဖြတ်ခြင်းနှင့် ရေအရည်အသွေး စစ်ဆေးခြင်း စသည့်လုပ်ငန်းများမှတစ်ဆင့် ယုံကြည်စိတ်ချသော အရည်အသွေးမြင့်မားသော တောင်ပေါ်စမ်းရေ (ချောင်း) သို့မဟုတ် တူးရေတွင်းရေကို ရေအရင်းအမြစ်အဖြစ် ရွေးချယ်ခဲ့ပြီး မြေမျက်နှာပြင်အလိုက် သဘာဝစီးဆင်းမှုဖြင့် ရေပေးဝေသည့်စနစ်ကို တည်ဆောက်ခဲ့ပါသည်။ ထို့ပြင် မူလနေရာမှမြစ်သဲကို စစ်ထုတ်ပစ္စည်းအဖြစ် အသုံးပြုကာ စွမ်းအင်သုံးစွဲမှုနှင့် ကာကွယ်ထိန်းသိမ်းမှု နည်းပါးသောရေပေးဝေမှုပုံစံကို ဖန်တီးပေးခဲ့ပြီး တောင်သူတောင်သားများအတွက် မိုးခေါင်ရာသီတွင် ရေမရှိခြင်းနှင့် မိုးရာသီတွင် ရေနောက်ကျိခြင်းသမိုင်းကို လုံးဝအဆုံးသတ်စေခဲ့သည်။ စီးဆင်းနေသော စမ်းရေသည် လူထောင်သောင်းများစွာ၏နှလုံးသားကို စိုစွတ်စေခဲ့သကဲ့သို့ တရုတ်-လာအိုနိုင်ငံအကြား ချစ်ကြည်ရေးပန်းကို နက်ရှိုင်းသော ချစ်ခြင်းမေတ္တာဖြင့် ရေလောင်းပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ စတောင်းပြည်နယ်နှင့် ကန်ဒယ်လ်ပြည်နယ် စသည့် မြေပြန့်ဒေသများတွင် ရေနက်တွင်းများ တူးဖော်ခြင်းနှင့် အမြင့်တည်ရှိသောရေသိုလှောင်ပုံးများ ပူးတွဲတပ်ဆင်ခြင်းနည်းလမ်းဖြင့် မိုးခေါင်ရာသီတွင် ရေရှားပါးမှုဘေးကို ထိရောက်စွာ လျှော့ချပေးသည်။ တစ်ချိန်တည်းတွင်ပင် မြေလွှာသဘာဝစိမ့်ဝင်ခြင်း၊ မီးသွေးသဲစုပ်ယူမှုစစ်ထုတ်ခြင်းနှင့် အယ်လ်ထရာစစ်ထုတ်ခြင်း (ultrafiltration membrane filtration)တို့ကို ပေါင်းစပ်အသုံးပြုကာ ဖြစ်ပေါ်လာသော အဆင့်များစွာပါသောအကာအရံကို အခြေခံ၍ “ကုန်ကျစရိတ် နည်းပါးစွာ“ဖြင့် "အရည်အသွေးမြင့်" ရေပေးဝေမှုကို ဖော်ဆောင်သည့်အတွက် ကျေးရွာသားများထံမှ "ကျန်းမာရေးနှင့် ညီညွတ်သော ရေကောင်း" ဟူသောချီးကျူးမှုကို ရရှိထားပါသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နယ်တွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လည်ပတ်မှုကုန်ကျစရိတ်များကို ဟန်ချက်ညီစွာ ကြည့်ရှုစောင့်ရှောက်ရန်အတွက်၊ ဒေသထွက်မြစ်သဲနှင့် အုန်းခွံများကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ “ရေမြှုပ်-ကွာ့ဇ်သဲကြမ်း-ကွာ့ဇ်သဲနု-အစွမ်းရှိမီးသွေး” ဟူသောအဆင့်လေးဆင့်ပါ ဇီဝဗေဒ နှေးကွေးသောစစ်ထုတ်ရေးစနစ်ကို တည်ဆောက်ခဲ့သည်။ မည်သည့်ဓာတုဆေးဝါးမှ မထည့်သွင်းဘဲ နောက်ကျိသောရေကို ကြည်လင်သန့်စင်သောရေအဖြစ် ပြောင်းလဲပေးနိုင်သည့်အံ့ဖွယ်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။

ရေခပ်ယူသည့်နည်းလမ်းများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ရေသုံးစွဲမှု၏ "နောက်ဆုံး ၁ ကီလိုမီတာ"ကို ဖောက်ပေးသည်။ ရေခပ်ယူသည့်စုပေါင်းနေရာများ တည်ဆောက်ခြင်း၊ သောက်ရေစက်များ တပ်ဆင်ပေးခြင်းတို့ဖြင့် ဒေသခံလူတိုင်းသည် သန့်ရှင်းသော၊ အဆင်ပြေသော၊ စရိတ်ခံနိုင်သောသောက်သုံးရေကို ကျယ်ကျယ်ပြန့်ပြန့်နှင့် တရားမျှတစွာ ရရှိစေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်လ်ပြည်နယ် စလောင်းရွာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး ဒူကဲစလာ့စ်က “အရင်တုန်းကဆို ကျောင်းသားတွေဟာ ကျောင်းကို ရေဘူးတွေ ယူလာရပါတယ်။ အခု စီမံကိန်းလုပ်ငန်း ပြီးစီးသွားတဲ့အခါ တစ်ကျောင်းလုံးဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများက ရေခပ်ယူသည့်စုပေါင်းနေရာများကို တိုက်ရိုက်သွားပြီး ရေခပ်လို့ရသွားပါပြီ။ အရမ်းအဆင်ပြေတယ်။ တချို့ဆရာဆရာမနဲ့ ကျောင်းသားတွေဆို ကျောင်းဆင်းချိန်မှာ အိမ်ပြန်ယူဖို့ရေခပ်လို့ရတယ်။ ရေက အရမ်းကြည်တယ်၊ သောက်လို့လည်း ချိုတယ်ဟု နှစ်သိမ့်အားရစွာ ပြောသည်။ လာအိုနိုင်ငံ ဟတ်ရွာ ရွာသား အဲရစ်သည် ရေခပ်ရန် တစ်နာရီ သို့မဟုတ် နှစ်နာရီ အချိန်ကုန်ရန် မလိုအပ်တော့သလို သောက်ရေသန့်ဘူးများ ဝယ်ယူရန်လည်း ငွေများစွာ သုံးစွဲရန် မလိုအပ်တော့ပါ။ ကလေးများသည် ကျောင်းဝင်းထဲတွင်ပင် ကျန်းမာသန့်စင်သည့်သောက်သုံးရေကို သောက်သုံးနိုင်ပါသည်။ ဤအရာများအားလုံးသည် ယခင်က သူတို့ စဉ်းစားတောင် မစဥ်စားရဲခဲ့ရသည့်အရာများပင် ဖြစ်ပါသည်။

 

အမြစ်တွယ် အတူယှဉ်တွဲနေထိုင်၍ စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်

အကောင်းဆုံးနည်းပညာသည် စပါးစေ့ကဲ့သို့ တိုင်းတစ်ပါးနိုင်ငံမြေတွင် အမြစ်တွယ် ပေါက်ရောက်သင့်သည် ဟူသောအယူအဆသည် "လန်ချန်း-မဲခေါင် ရေချိုစမ်းချောင်းလှုပ်ရှားမှု"တွင် တစ်လျှောက်လုံးပါဝင်နေပါသည်။ စီမံကိန်းအဖွဲ့၏လုပ်ဆောင်ချက်များသည် နည်းပညာရိုးရိုး ထုတ်လွှင့်ခြင်းမဟုတ်ဘဲ "တရုတ်နည်းပညာ+ဒေသခံစီမံခန့်ခွဲမှု" ဟူသောနက်ရှိုင်းသောပေါင်းစပ်မှုပုံစံကို တည်ဆောက်ခြင်းဖြစ်သည်။ နည်းပညာ စီမံကိန်းများသည် ဒေသခံ သဘာဝအခြေအနေများနှင့် လိုက်လျောညီထွေစွာ ရှိပြီး၊ စီမံကိန်းလုပ်ငန်း လက်တွေ့လုပ်ဆောင်ချက်များတွင် လူသားချင်း စာနာထောက်ထားမှုနှင့် ပြည့်နှက်ထားသဖြင့် စီမံကိန်းလုပ်ငန်းတိုင်းတွင် နည်းပညာ၏ခိုင်မာမှုနှင့် မေတ္တာ၏နွေးထွေးမှုလည်း ပါဝင်နေပါသည်။

စီမံကိန်းလုပ်ငန်းတိုင်း အကောင်အထည်ဖော်ခြင်း မပြုမီ၊ ၎င်းကို နက်ရှိုင်းစွာ သုတေသနပြုခြင်းနှင့် ဒီမိုကရေစီ နည်းကျ တိုင်ပင်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ပါသည်။ လာအိုနိုင်ငံ ဟတ်ရွာတွင် ရွာသားကိုယ်စားလှယ် ၈၀ ကျော်တို့သည် တရုတ်ပညာရှင်များနှင့်အတူ ဝိုင်းထိုင်ကာ ရေပေးဝေရေးလုပ်ငန်း တည်ဆောက်ရေးအစီအစဉ်၊ စီမံခန့်ခွဲမှုပုံစံနှင့် လည်ပတ်စရိတ်ခွဲဝေမှု စသည့် အဓိကကိစ္စရပ်များကို လက်ထောက်မဲပေးခြင်းဖြင့် အတူတကွ ဆုံးဖြတ်ခဲ့ကြသည်။ စီမံကိန်းဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်လူထုသည် လုပ်ငန်းစဥ်တစ်လျှောက်လုံး ရေပေးဝေမှုစီမံကိန်းလုပ်ငန်း ပြုပြင်ပြောင်းလဲမှု၏ စီမံကိန်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ပါဝင်ခဲ့သဖြင့် ရပ်ကွက်ရေပေးဝေရေး ထိန်းသိမ်းစောင့်ရှောက်မှုတာဝန်ကို ကိုယ့်ဆန္ဒအလျောက် ပိုမိုတက်ကြွစွာ ထမ်းဆောင်လာနိုင်ခဲ့ပါသည်။ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး လီဂိုရင်းက ၂၀၂၃ ခုနှစ် ဧပြီလက ၎င်းစီမံကိန်းအား လေ့လာကြည့်ရှုစဉ် ၎င်းစီမံကိန်းသည် "ရည်မှန်းချက် ချမှတ်မှု ကောင်း၊ ဒီဇိုင်းအတွေးအခေါ် ကောင်း၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ကောင်း၊ အကောင်အထည်ဖော်မှု ရလဒ် ကောင်းနှင့် ပြည်သူလူထု၏ တုံ့ပြန်မှု ကောင်း" ဟူသော "ကောင်းမှုငါးဖြာ" စီမံကိန်းလုပ်ငန်းတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။

၎င်းပါဝင်ဆောင်ရွက်မှုဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းသည် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ စသည့် နိုင်ငံများတွင်လည်း အဆင့်ဆင့် မွမ်းမံတိုးတက်လာခဲ့ပါသည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံ စလောင်းရွာတွင် စီမံကိန်းအဖွဲ့သည် "စီမံကိန်းလမ်းညွှန်မှု၊ ကျေးရွာသူကျေးရွာသားများ ကိုယ်ပိုင်စီမံမှု၊ ဘုရားကျောင်းကန်များကို အားထားမှု ဟူသောကဏ္ဍသုံးခု တစ်သားတည်း လည်ပတ်ထိန်းသိမ်းမှုယန္တရားကို တည်ဆောက်ခဲ့ပြီး၊ စီမံကိန်းလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန် နည်းပညာ ထောက်ပံ့မှုနှင့် ဝန်ထမ်းလေ့ကျင့်ရေးကို ပံ့ပိုးပေးခဲ့သည်။ ဒေသခံကျေးရွာသားများသည် ရေစီမံခန့်ခွဲရေးတာဝန်ခံများကို မိမိဆန္ဒအလျောက် ရွေးချယ်ခဲ့ပြီး နေ့စဉ်လည်ပတ်ထိန်းသိမ်းမှုအတွက် ဘုရားကျောင်းများကို မှီခိုအားထားသည်။ ဤသို့ဖြင့် အခွင့်အရေးနှင့်တာဝန်ဝတ္တရား ရှင်းလင်းစွာ ခွဲဝေ၍ ကုန်ကျစရိတ် နည်းပါးပြီး ရေရှည်တည်တံ့နိုင်သော ‌ရေရှည်အကျိုးသက်ရောက်မှု ပြုနိုင်သည့် ထိန်းသိမ်းစောင့်ရှောက်ရေးပုံစံ ပေါ်ထွန်းလာခဲ့သည်။ လီဂိုရင်းသည် ၎င်းစီမံကိန်း၏ လည်ပတ်ထိန်းသိမ်းရေးပုံစံကို အလွန်ချီးကျူးခဲ့ပြီး "ယန္တရားဒီဇိုင်း၏အရေးပါမှုသည် စီမံကိန်းလုပ်ငန်း တည်ဆောက်မှုလောက် မနည်းပါးပါ"ဟု ဂုဏ်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ကော်မရှင်၏ ဒုအတွင်းရေးမှူးချုပ် ဝပ်ဘော့ခ်ဆောင်သည် စီမံကိန်း၏ ကမ္ဘောဒီးယားဘက် ညှိနှိုင်းရေးမှူးအနေဖြင့် ‌ရေချိုစမ်းချောင်းဆောင်ရွက်မှုစီမံကိန်းဟာ လူနေမှုအခြေအနေကို မြှင့်တင်ပေးရုံသာမက ဒေသခံဌာနဆိုင်ရာတွေရဲ့ စီမံခန့်ခွဲနိုင်စွမ်းရည်ကိုပါ တိုးတက်စေတယ်။ ၂၀၃၀ ပြည့်နှစ်အတွင်း နိုင်ငံတစ်ဝန်း လုံခြုံစိတ်ချရတဲ့သောက်သုံးရေ ရရှိရေး ရည်မှန်းချက်ကို လွှမ်းမိုးရေး အကောင်အထည်ဖော်နိုင်ဖို့ အရေးပါတဲ့ထောက်ပံ့မှု ပံ့ပိုးပေးနေပါတယ်ဟု ပြောကြားသည်။

စီမံကိန်း၏ နက်ရှိုင်းကျယ်ပြန့်သော တန်ဖိုးသည် အသိပညာနှင့် စွမ်းရည် ရေရှည်လွှဲပြောင်းရရှိမှုတွင် ပိုမိုထင်ဟပ်ပါသည်။ မြန်မာနိုင်ငံတွင် စီမံကိန်းအဖွဲ့သည် ရည်ရွယ်ချက် တိကျသော နည်းပညာ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ခြင်း၊ ဒေသခံ ရေစီမံခန့်ခွဲရေးဝန်ထမ်းများ မွေးထုတ်ပေးခြင်း၊ လွယ်ကူရှင်းလင်းသော မြန်မာဘာသာဖြင့် ထိန်းသိမ်းမှုလက်စွဲစာအုပ် ပြုစုခြင်းတို့မှတစ်ဆင့် ဒေသခံပြည်သူများ လည်ပတ်ထိန်းသိမ်းရေးစွမ်းရည်များ အမှန်တကယ် ပိုင်ဆိုင်လာစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ရှုပ်ထွေးပြီး ပရော်ဖက်ရှင်နယ်ဆန်သော ရေသန့်စင်စက်ကိရိယာ လည်ပတ်ထိန်းသိမ်းရေး အဓိကအချက်များကို ဒေသခံများ နားလည်သဘောပေါက်နိုင်သော၊ တတ်မြောက်နိုင်သောအသိပညာအဖြစ် ပြောင်းလဲဆောင်ရွက်ပေးခဲ့ပါသည်။ ဥပမာအားဖြင့် "ရေမြှုပ်ကို လဝက် တစ်ခါလျှော်၊ မိုးရာသီမှာ သဲကြမ်းကို လဲ" ကဲ့သို့သော လွယ်ကူစွာ ပျံ့နှံ့နိုင်သည့် ပြောပုံပြောနည်းများသည် သဘာဝအတိုင်း ဒေသခံပြည်သူများ၏နေ့စဉ်ဘဝထဲသို့ ပေါင်းစည်းဝင်ရောက်လာခဲ့ပါသည်။

“လန်ချန်း-မဲခေါင် ရေချိုစမ်းချောင်းလှုပ်ရှားမှု"သည် ရေပေးဝေရေး စီမံကိန်းလုပ်ငန်းနေရာ ၁၁၀ တည်ဆောက်ရုံသာမက ၎င်းသည် တိကျသောလိုအပ်ချက်များအား စုံစမ်းလေ့လာခြင်း၊ ဒေသအလိုက် သင့်တော်သည့်စီမံကိန်းနှင့် ဒီဇိုင်းရေးဆွဲခြင်း၊ ရေရှည်လည်ပတ်ထိန်းသိမ်းခြင်းနှင့် ဒေသခံစွမ်းရည် မြှင့်တင်ခြင်းတို့ ပါဝင်သည့် အပြည့်အစုံဆုံး ဖြေရှင်းနည်းတစ်ရပ်ကို ပံ့ပိုးပေးခဲ့သည်။ ငါးနှစ်အတွင်း ၎င်းစီမံကိန်းသည် နိုင်ငံသုံးနိုင်ငံမှ ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲမှုဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး စီစဉ်ကျင်းပခဲ့သော ရပ်ကွက် သိပ္ပံပညာ ပြန့်ပွားရေးလှုပ်ရှားမှုများတွင် လူပေါင်း ၄၀၀ ကျော် ပါဝင်ခဲ့သည်။ ဤသို့ဖြင့် "Hardware အထောက်အပံ့"မှ "အသိပညာဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း"အဆင့်သို့ အမှန်တကယ် ကူးပြောင်းနိုင်ခဲ့ပါသည်။

 

ပြည်သူချင်း စိတ်ချင်း ဆက်နွယ်၍ တရုတ်စီမံကိန်း ပြသ

“သေးငယ်သော်လည်း လှပ”သောစီမံကိန်း ၁၁၀ လက်တွေ့လုပ်ဆောင်ခြင်းသည် ပြည်သူ့စိတ်နှလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တမ်းကောက်ယူချက်အရ ရေသုံးစွဲသူ ၉၅ ရာခိုင်နှုန်းကျော်သည် ရေပမာဏနှင့် ရေအရည်အသွေးကို ကျေနပ်ကြောင်း၊ ကျေးရွာသား ၉၃ ရာခိုင်နှုန်းသည် မိသားစု ရေသုံးစွဲမှုအတွက် ကုန်ကျစရိတ် သိသိသာသာ လျော့ကျလာသည်ဟု ယူဆကြောင်း၊ ၉၁ ရာခိုင်နှုန်းသောသူများသည် ဝေးလံခက်ခဲစွာ ရေသယ်ယူရခြင်း၏ဒုက္ခမှ လွတ်မြောက်သွားကြောင်း သိရှိရသည်။ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ စသည့်နိုင်ငံများစွာမှ ဒေသန္တရအစိုးရများသည် “ပြည်သူလူထုအတွက် အကျိုးပြုပြီး လက်တွေ့ကျသောအရာများကို လုပ်ဆောင်ပေး”သည့် နှလုံးသား နွေးထွေးဖွယ်ကောင်းသောဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြသည့်စာများကို တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ကြသည်။ ယခင်က လာအိုနိုင်ငံ လွန်ပရာဘန်ပြည်နယ် ဒုတိယအတွင်းရေးမှူး၊ အမျိုးသားတည်ဆောက်ရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဆူခန်ဗန်ယုံမှ ဟတ်ရွာစီမံကိန်း အပ်နှင်းရေးအခမ်းအနားတွင် "ဟတ်ရွာ ရေသန့်စီမံကိန်း အကောင်အထည်ဖော်ခြင်းဟာ ကျေးလက်ရွာသူရွာသားနဲ့ ကျောင်းသားဆရာတစ်ထောင်နီးပါးကို အကျိုးကျေးဇူးရစေတာမို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ တရုတ်-လာအို ချစ်ကြည်ရေး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ပါစေဟု စိတ်လှုပ်ရှားစွာဖြင့် ပြောကြားသည်။

ဤလေးလံသော လူနေမှုအောင်မြင်မှုစာရင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြင့်မားသော အသိအမှတ်ပြုမှုကိုလည်း ရယူနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်က ယင်းစီမံကိန်းကို တတိယအကြိမ်မြောက် “ပိုးလမ်းမနှင့် ရပ်ဝန်း”ထိပ်သီးဖိုရမ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။  ၂၀၂၄ ခုနှစ်က ယင်းစီမံကိန်းသည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စသည့်အဖွဲ့အစည်းခုနစ်ခုမှ ပူးတွဲချီးမြှင့်သော “ပဉ္စမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိစ္စရပ်”ဆုကို ရရှိခဲ့သည်။

ရွာသူရွာသားများ၏ ပြုံးရွှင်မျက်နှာမှ အစိုးရ၏ ကျေးဇူးတင်စကားအထိ၊ နိုင်ငံတကာဖိုရမ်၏ စာရင်းမှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆုတံဆိပ်အထိ၊ ဤသည်များသည် "လန်ချန်း-မဲခေါင်‌ ရေချိုစမ်းချောင်းလှုပ်ရှားမှု"စီမံကိန်းတစ်ခုတည်းအတွက် အသိအမှတ်ပြုမှုသာမက၊ "လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး" ဟူသောအယူအဆအား လက်ခံသဘောတူခြင်းပင် ဖြစ်ပါသည်။ သောက်သုံးရေ ဘေးကင်းလုံခြုံရေးသည် လူသား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ်တွင် ၂၀၃၀ ပြည့်နှစ်အရောက်တွင် "လူတိုင်း ဘေးကင်းလုံခြုံသော ကုန်ကျစရိတ်ခံနိုင်သည့် သောက်သုံးရေကို ကျယ်ကျယ်ပြန့်ပြန့်နှင့် တရားမျှတစွာ ရရှိစေရန် ဖော်ဆောင်ရမည်"ဟု ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ယခုအခါ ဤမျှော်မှန်းချက်ကို "လန်ချန်း-မဲခေါင် ‌ရေချိုစမ်းချောင်းလှုပ်ရှာမှု"မှတစ်ဆင့် မဲခေါင်မြစ်တစ်လျှောက် ကျေးလက်ဒေသများတွင် တဖြည်းဖြည်း အမှန်တကယ် အကောင်အထည်ဖော်လျက်ရှိပါသည်။

နေဝင်ဆည်းဆာတွင် ရေခပ်စင်ရှေ့တွင် လူများ အဆက်မပြတ် သွားလာနေကြသည့်ပုံရိပ်များ၊ စာသင်ခန်းထဲတွင် ရေပိုက်ခေါင်းကို ဖွင့်လိုက်သည့်အခါ ကျောင်းသူကျောင်းသားများ မျက်လုံးထဲမှ တောက်ပမှု — သာမန်သော်လည်း စိတ်ကြည်နူးစေသောအခိုက်အတန့်များသည် အနွေးထွေးဆုံး ပန်းချီကားတစ်ချပ် ပေါင်းစပ်ဖြစ်ပေါ်လာပါသည်။ တရုတ်နိုင်ငံမှ မြစ်ဖျားခံလာသောဉာဏ်ပညာနှင့် စီမံကိန်း ဖြစ်သည့် "လန်ချန်း-မဲခေါင် ရေချိုစမ်းချောင်းလှုပ်ရှားမှု"သည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိ အိမ်ထောင်စုထောင်သောင်းများစွာအား အကျိုးပြုနေပြီး အနာဂတ်ကိုလည်း ဆက်လက်ကျေးဇူးပြုမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ ဧရာဝတီတိုင်း မအူပင်ရွာ သရုပ်ပြစီမံကိန်း

 

လာအိုနိုင်ငံ လွန်ပရာဘန်ပြည်နယ် ဟတ်ရွာ မူလတန်းကျောင်းသူ သန့်စင်သောသောက်သုံးရေ သောက်နေစဉ်

 

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်လ်ပြည်နယ် စလောင်းရွာ မူလတန်းကျောင်းဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ သန့်စင်သောသောက်သုံးရေ သောက်နေစဉ်