
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာမီကျရောက်မည့် ဆောင်းဦးလယ် လမုန့်ပွဲတော် အထိမ်းအမှတ် အခမ်းအနား၌ ရိုးရာအကအလှများဖြင့်ဖျော်ဖြေတင်ဆက်နေသော အနုပညာရှင်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် တွေ့ရစဉ်
လမုန့်များ၊ လက်ဖက်ရည်၊ ဂီတနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဧည့်ပရိသတ် ၆၀၀ ကျော်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အတူတကွ စုဝေးခဲ့ကြပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား တူညီသည့် အစဉ်အလာဓလေ့များကို တွေ့ကြုံခံစားနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခဲ့သည်။
အဆိုပါ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ ရိုးရာ ဆောင်းဦးလယ်ပွဲတော် အကြိုအထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာနှင့် တရုတ်ဘဏ် (Bank of China) တို့ ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနား၌ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များက ဂီတ၊ အကနှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများဖြင့် တင်ဆက်ခဲ့ကြသည်။ လက်ဖက်ရည်၊ လမုန့်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများကို ပြခန်းပေါင်း ၃၀ ခန့်၌ ခင်းကျင်းပြသထားကာ အခမ်းအနားတက်ရောက်သူများက ကိုယ်တိုင်ကိုယ်ကျ လမုန့်ပြုလုပ်ခြင်း အပါအဝင် အပြန်အလှန် လုပ်ဆောင်ရသည့် လှုပ်ရှားမှုများတွင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးအတွက်မူ ယခုကဲ့သို့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းက တူညီသော ယဉ်ကျေးမှုအမွေအနှစ်များမှတစ်ဆင့် အပြန်အလှန်နားလည်မှု ပိုမိုနက်ရှိုင်းစေမည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခဲ့သည်ဟု ယူဆလျက်ရှိသည်။
"ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားဟာ တူညီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကနေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်မှု ပိုမိုနက်ရှိုင်းလာစေဖို့နဲ့ ခင်မင်ရင်းနှီးမှု သံယောဇဉ်တွေ ပိုမိုခိုင်မာစေဖို့ လမ်းခင်းပေးလိုက်တာဖြစ်လို့ တကယ့်ကိုထူးခြားပါတယ်" ဟု ၎င်းက ပြောသည်။
ဆောင်းဦးလယ်ပွဲတော်သည် နေရာဒေသအားဖြင့် ကွာဝေးနေသော်လည်း ထိန်ထိန်သာနေသော လရောင်ကို အတူမျှဝေ ခံစားနိုင်ကြသည့် မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများအကြား လွမ်းဆွတ်တမ်းတမှုနှင့် အောက်မေ့သတိရမှုတို့ကို ဖြစ်ပေါ်စေသည်ဟုလည်း ၎င်းက ဆိုသည်။
"လက်ဖက်ရည်တစ်ခွက် တည်ခင်းဧည့်ခံခြင်းဟာ ခင်မင်ရင်းနှီးမှုနဲ့ အပြန်အလှန်လေးစားမှုကို ဖော်ပြတဲ့ အပြုအမူတစ်ခုပါပဲ။ စားပွဲဝိုင်းတစ်ခုတည်းမှာ အတူထိုင်ရင်း လက်ဖက်ရည်သုံးဆောင်တာဟာ ရိုးရာဓလေ့ထုံးတမ်းတွေကနေ လူမှုရေးရာ ကိစ္စတွေအထိ အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းကလည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းကောင်းများ ဖြစ်ရုံသာမက ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကိုပါ အတူမျှဝေ ပိုင်ဆိုင်ထားသည်ဟု ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ပိုမိုခိုင်မာအားကောင်းလာခဲ့ပြီး ရေရှည်တည်တံ့လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
"အခုလိုမျိုး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေဟာ နှစ်နိုင်ငံ ပြည်သူတွေအကြား အပြန်အလှန်နားလည်မှု ပိုမိုအားကောင်းစေပြီး ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်တွေလည်း ပိုမိုတိုးပွားစေမယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။