တရုတ်-မြန်မာ ပင်လယ်ရေကြောင်းကဏ္ဍ ကူးလူးဖလှယ်မှုများက မြန်မာနိုင်ငံ၏ ပိုမိုခေတ်မီ၍ ပိုမိုစိမ်းလန်းသော ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ပေးလျက်ရှိ

Xinhua,    September 30, 2026
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ကျင်းပသည့် မူဝါဒဖြင့် ဦးဆောင်၍ လက်တွေ့ဖြင့်စွမ်းအားမြှင့်တင်ခြင်းဆိပ်ကမ်းနှင့်ရေကြောင်းရေးရာ အကြောင်းအရာဆွေးနွေးပွဲကို တွေ့ရစဉ်

ကမ္ဘာ့ပင်လယ်ရေကြောင်းကဏ္ဍသည် လျင်မြန်စွာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းလာပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နေသည့် နောက်ခံအခြေအနေတွင် မြန်မာနိုင်ငံမှ ရေကြောင်းပညာသင်ကြားနေသော လူငယ်များသည် တရုတ်ကုမ္ပဏီများနှင့် ပညာရှင်များနှင့်အတူ ပူးပေါင်း၍ နိုင်ငံ၏ ပင်လယ်ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ရေးအတွက် မိမိတို့၏ အနာဂတ် ပင်လယ်ရေကြောင်းအခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။

“ပင်လယ်ရေကြောင်းကဏ္ဍမှာ ပိုမိုခေတ်မီပြီး သဘာဝပတ်ဝန်းကျင်နဲ့အညီ ပိုမိုစိမ်းလန်းတဲ့ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အတွေ့အကြုံတွေကနေ ကျွန်မအနေနဲ့ အကျိုးကျေးဇူး အများကြီး ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆိပ်ကမ်း စွမ်းဆောင်နိုင်မှုတွေ ချဲ့ထွင်နိုင်ဖို့ အလားအလာတွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာကို ဒီကနေ့ လေးလေးနက်နက် နားလည်ခဲ့ရပါတယ်” ဟု မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ် ကျောင်းသူ မမေသူခိုင်က ပြောသည်။

အဆိုပါ ကျောင်းသူ မမေသူခိုင်က စက်တင်ဘာ ၂၃ ရက်တွင် CITIC Myanmar နှင့် China Harbour Engineering Company Ltd. (CHEC) တို့ ပူးတွဲကျင်းပသည့် အခမ်းအနား၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့မတိုင်မီ ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲတွင် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကာ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ဆောင်ပုဒ်နှင့်အညီ ခိုင်မာသည့် မူဝါဒများဖြင့် လုပ်ငန်းလည်ပတ်မှု ထူးချွန်ကောင်းမွန်စေရေးကို အဓိကထားကာ ဆိပ်ကမ်းများ၊ ပင်လယ်ရေကြောင်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အတူတကွ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဒီကဏ္ဍနဲ့ဆက်စပ်တဲ့ စီမံကိန်းတွေကို ဖော်ဆောင်နေပြီး အနာဂတ်မှာ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်ဆိုတာကို သိရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု မမေသူခိုင်က ဆိုသည်။

သတ်မှတ်လျာထားသည့် မြန်မာနိုင်ငံ၏ ရေနက်ဆိပ်ကမ်းစီမံကိန်းများသည် နိုင်ငံ၏ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးကွန်ရက်ကို အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ကုန်စည်ကိုင်တွယ်နိုင်စွမ်းကို မြှင့်တင်ပေးကာ နိုင်ငံတကာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး ဒေသခံပြည်သူများအတွက်လည်း အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးနေမျိုးညွန့်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပိုမိုထိရောက်၍ ရေရှည်တည်တံ့ပြီး ခေတ်မီသော ပင်လယ်ရေကြောင်း‌ဂေဟစနစ်တစ်ရပ် တည်ဆောက်ရန် ဘုံမျှော်မှန်းချက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ကုမ္ပဏီများနှင့် သုတေသနအဖွဲ့အစည်းများက မျှဝေပေးသည့် နိုင်ငံတကာအတွေ့အကြုံများနှင့် နည်းပညာဆိုင်ရာအမြင်များသည် မြန်မာနိုင်ငံအတွက် ဆိပ်ကမ်းလုပ်ငန်းလည်ပတ်မှုစံချိန်စံနှုန်းများ မြှင့်တင်ရန်နှင့် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းစေရန် လက်တွေ့ကျသော လမ်းညွှန်မှုများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောသည်။ 

IMO ၏ သတ်မှတ်ချက်အရ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ (World Maritime Day) မှာ စက်တင်ဘာ ၂၄ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။ ယခုနှစ်၏ အဓိကဆောင်ပုဒ်နှင့်အညီ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုကို ပင်လယ်ရေကြောင်းမူဝါဒများအား လက်တွေ့ကျသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရန်နှင့် IMO ၏ မဟာဗျူဟာမြောက် ကတိကဝတ်များကို ဖော်ဆောင်ရန် အရေးပါသော နည်းလမ်းတစ်ရပ်အဖြစ် အလေးထားဖော်ပြထားသည်။

ထျန်းကျင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအင်ဂျင်နီယာ သုတေသနအင်စတီကျု၊  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ကျန်းယွင်ဖုန် က တရုတ်နိုင်ငံအနေဖြင့် ဆိပ်ကမ်းနှင့် ရေကြောင်းလမ်းတည်ဆောက်ရေးနည်းပညာများဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသလို ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများမှတစ်ဆင့်လည်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို မျှဝေပေးခဲ့ကြောင်း အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

အနာဂတ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပင်လယ်ရေကြောင်းကဏ္ဍဆိုင်ရာ နည်းပညာသင်တန်းများ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာဖလှယ်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကျန်း က ဆိုသည်။

ထို့ပြင် နှစ်နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်မှုအရ CITIC Myanmar အနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆိပ်ကမ်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ရေကြောင်းတက္ကသိုလ်များနှင့် လက်တွဲပူးပေါင်းကာ အစိုးရ-စီးပွားရေးလုပ်ငန်း-တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုယန္တရားကို နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမြင်ကျယ်ပြန့်လာစေရန် အခွင့်အလမ်းများ ကမ်းလှမ်းပြီး မြန်မာနိုင်ငံ၏ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းပြန်ကြားရေးဆိုင်ရာ အကြီးအကဲ ကျန်းယွဲ့ က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ကျင်းပသည့် မူဝါဒဖြင့် ဦးဆောင်၍ လက်တွေ့ဖြင့်စွမ်းအားမြှင့်တင်ခြင်းဆိပ်ကမ်းနှင့်ရေကြောင်းရေးရာ အကြောင်းအရာဆွေးနွေးပွဲကို တွေ့ရစဉ်