မြန်မာနိုင်ငံတွင် ဆောင်းဦးလယ်ပွဲတော် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

Xinhua,    September 28, 2026
Size:

စက်တင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ဆောင်းဦးလယ် လမုန့်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် စက်တင်ဘာ ၁၂ ရက်က လူဦးရေ ၂၀၀ ခန့် စုဝေးရောက်ရှိလာခဲ့ကြသလို လူအများက အနက်ရောင်မင်ရည်ထဲသို့ စုတ်တံများနှစ်ကာ စက္ကူပေါ်တွင် စာလုံးများ ရေးသားခြယ်မှုန်းခဲ့ကြသည်။

အဆိုပါ ပွဲတော်အခမ်းအနားက ပါဝင်တက်ရောက်လာသူများအား တရုတ်ရိုးရာဓလေ့များကို ကိုယ်တိုင်ကိုယ်ကျပါဝင်ခံစားနိုင်သည့် အတွေ့အကြုံ ပေးစွမ်းနိုင်ခဲ့ပြီး တရုတ်လက်ရေးလှရေးခြင်း၊ စာညှပ်အမှတ်အသားကတ်ပြားကိုယ်တိုင်ပြုလုပ်ခြင်း၊ လက်ဖက်ရည်မြည်းစမ်းခြင်း၊ လမုန့်နှင့် အခြားပွဲတော်စားသောက်ဖွယ်ရာများ စသည့် လက်တွေ့ပါဝင်လုပ်ဆောင်နိုင်သည့် အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့သည်။ ထို့အပြင် စည်ကားသိုက်မြိုက်သော အကအလှဖျော်ဖြေမှုများ၊ သီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများကလည်း ပွဲတော်အငွေ့အသက်ကို တစ်ဆင့်တိုး မြှင့်တင်ပေးခဲ့သည်။

မြန်မာ-တရုတ်အမျိုးသမီးများအသင်း ဥက္ကဋ္ဌ ဒေါ်လီလီမြင့် အတွက်မူ ဆောင်းဦးလယ်ပွဲတော်က ရာသီအလိုက် အားလပ်ရက်တစ်ခုထက် သာလွန်ကာ စည်းလုံးညီညွတ်မှုနှင့် မိသားစုပြန်လည်ဆုံစည်းမှုကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ပြည့်ဝသော သင်္ကေတတစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

လပြည့်ဝန်းနှင့် ရိုးရာလမုန့်များက လုံးဝန်းပြည့်ဝသောပုံစံရှိသကဲ့သို့ ယခုပွဲတော်ကလည်း မိသားစုများကို တစ်စုတစ်စည်းတည်း ပြန်လည်ဆုံစည်းစေသည်။ မိသားစုနေအိမ်နှင့်ဝေးရာတွင် နေထိုင်နေရသူများအတွက် လမင်းကိုကြည့်ရှုခြင်းဖြင့် ၎င်းတို့၏ မိဘများ၊  ဆရာသမားများနှင့် မိတ်ဆွေသူငယ်ချင်းများကို လှိုက်လှဲနွေးထွေးစွာ အောက်မေ့သတိရမှုလည်းဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။

အတူတကွ မျှဝေစားသောက်ခြင်းနှင့် လပြည့်ဝန်းကို ကြည့်ရှုခံစားကြခြင်း စသည့် ရိုးရာအစဉ်အလာများအပြင် ထိုပွဲတော်၏ စစ်မှန်သော အနှစ်သာရမှာ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ဖော်ဆောင်ခြင်းနှင့် ချစ်ခြင်းမေတ္တာမျှဝေခြင်းတို့ပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် မချောယုမွန်စိုးသည် တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပသည့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ပုံမှန်တက်ရောက်လေ့ရှိသူဖြစ်ပြီး ထိုကဲ့သို့သော လှုပ်ရှားမှုအစီအစဉ်များက မြန်မာပြည်သူများအား တရုတ်ရိုးရာဓလေ့များကို တွေ့ကြုံခံစားနိုင်ရန် အထောက်အကူပြုသည်ဟု ယုံကြည်သည်။

“မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ တရုတ်နွယ်ဖွားတစ်ချို့ဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဝေးကွာကောင်း ဝေးကွာနေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဒီနေရာကိုလာပြီး အခမ်းအနားမှာ ပျော်ပျော်ပါးပါး ပါဝင်နိုင်ကြသလို ဒီလိုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ပါဝင်ခြင်းအားဖြင့် တရုတ်ယဉ်ကျေးမှုကိုလည်း တွေ့ကြုံခံစားနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သလို မင်စုတ်တံဖြင့် ရိုးရာလက်ရေးလှ လေ့ကျင့်ရေးသားရသည်ကိုလည်း ၎င်းအနေဖြင့် နှစ်သက်လှသည်ဟု ဆိုသည်။

ထို့ပြင် ယင်းအခမ်းအနား၌ အကပညာရှင်နှင့် အဆိုပညာရှင်အဖြစ် ပါဝင်ခဲ့သူ မစုဇာခြည်ကောင်းက ယခုအခမ်းအနား၌ တင်ဆက်ဖျော်ဖြေရသည့်အတွက် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဘာသာရေးပွဲတော်များအနက် တစ်ခုဖြစ်သော သီတင်းကျွတ်ပွဲတော်နှင့် ဆောင်းဦးလယ်ပွဲတော် အကြား ပုံစံဆင်တူမှုများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း သီတင်းကျွတ်အခါသမယ၌ တစ်နယ်တစ်ကျေးတွင် အလုပ်လုပ်ကိုင်နေသော မိသားစုဝင်များက နေအိမ်သို့ ပြန်လာလေ့ရှိကြသည်။ မိသားစုများ အတူတကွပြန်လည်ဆုံစည်းခြင်း၊ စားသောက်ဖွယ်ရာများ အတူတကွသုံးဆောင်ခြင်းနှင့် အသက်အရွယ်ကြီးသူများအား ကန်တော့ခြင်း စသည်တို့ ပြုလုပ်ကြကြောင်း ၎င်းက ပြောသည်။