တရုတ်နိုင်ငံက သင်ကြားပို့ချပေးသော သင်တန်းအစီအစဉ်က မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအတွက် စွမ်းဆောင်ရည်များ မြှင့်တင်ပေး

Xinhua,    September 09, 2026
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သည့် Pattern Making Training for Mass Production သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသောသင်တန်းသား၊ သင်တန်းသူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် 

ကောင်းမွန်စွာချုပ်လုပ်ထားသော အဝတ်အထည်တစ်ခုသည် ကောင်းမွန်စွာ ပုံဖော်ဖန်တီးထားသော ဒီဇိုင်းပုံကြမ်းတစ်ခုမှ စတင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ ၄၀ နီးပါးမှာ ဒီဇိုင်းပုံကြမ်း ရေးဆွဲခြင်းနှင့် အဝတ်အထည်ထုတ်လုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ရန် သင်တန်းတစ်ခု၌ မကြာမီက ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံရှိ Chinese Textile & Garment Association တို့ ပူးပေါင်းစီစဉ်သည့် အဆိုပါသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်မှ ချန်ကျိုး အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ သက်မွေးပညာ အင်စတီကျုမှ နည်းပြဆရာများက သင်ကြားပို့ချပေးခဲ့သည်။ ထိုသင်တန်း၌ အဓိကအားဖြင့် ပုံကြမ်းရေးဆွဲခြင်းနှင့် နမူနာဖန်တီးခြင်းတို့ကို အဓိကသင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၉ ရက်၌ ပြီးဆုံးခဲ့သည့် အဆိုပါ ခြောက်ရက်ကြာသင်တန်း၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ အထည်ချုပ်စက်ရုံပိုင်ရှင်များ၊ ဒီဇိုင်နာများ၊ အထည်ချုပ်လုပ်သားများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရွှေပိုးမန္တလေးကုမ္ပဏီ တည်ထောင်သူ မရီမွန်ခင်အတွက် ပုံကြမ်းဖန်တီးခြင်းမှာ အဝတ်အထည် ထုတ်လုပ်ခြင်း၏ စမှတ်ပင်ဖြစ်သည်။ 

“အထည်တစ်ထည် ထုတ်လုပ်ရာမှာ ပထမဆုံးအဆင့်က ပုံကြမ်းပါ။ ပုံကြမ်းမမှန်ရင် အထည်တစ်ထည်လုံး ပုံစံမကျတော့ဘူး” ဟု ၎င်းက ပြောသည်။

၎င်းမှာ ပုံကြမ်းဖန်တီးခြင်းဆိုင်ရာ အသိပညာများ ပိုမိုနက်နက်ရှိုင်းရှိုင်းရှိစေရန် မန္တလေးမှ ရန်ကုန်သို့ ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။ အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာများကို ပုံမှန်ပြန်လည်သုံးသပ်လေ့ရှိပြီး လုပ်ငန်းစဉ်ကို နားလည်သိရှိထားခြင်းက ထုတ်လုပ်မှုပြဿနာများ၏ အကြောင်းရင်းများ ဖော်ထုတ်ရန်နှင့် ဖြေရှင်းနည်းများ ရှာဖွေရာ၌ အထောက်အကူပြုလိမ့်မည်ဟု ၎င်းက ဆိုသည်။ 

အဆိုပါသင်တန်းတွင် ဂျာကင်အင်္ကျီ၊ စကတ်နှင့် ဘောင်းဘီတို့အတွက် ပုံကြမ်းဖန်တီးခြင်းအပြင် အခြားကဏ္ဍများဖြစ်သည့် အဝတ်အထည် ထုတ်လုပ်ခြင်းနှင့် အော်ဒါမှာယူခြင်းတို့နှင့် စပ်လျဉ်း၍လည်း သင်ကြားပေးခဲ့သည်။

“ဒီသင်တန်းဟာ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သင်တန်းသားတွေကို ပိုပြီးအမြင်ကျယ်စေနိုင်တာမို့ သိပ်ကိုအကျိုးရှိပါတယ်” ဟု ဆုပိုင်ကုမ္ပဏီလီမိတက် တည်ထောင်သူ မဆုဆုပိုင်က ပြောသည်။ 

၎င်း၏ကုမ္ပဏီမှာ တရုတ်နိုင်ငံမှ ကုန်ကြမ်းအထည်များကို မှာယူတင်သွင်းကာ မြန်မာနိုင်ငံတွင် ပြုပြင်ထုတ်လုပ်ပြီး အချောထည်ထုတ်ကုန်များကို ပြန်လည်ရောင်းချလျက်ရှိသည်။ 

Diamond Sea Sar Garment ကုမ္ပဏီလီမိတက်မှ အသက် ၃၅ နှစ်အရွယ် ဒီဇိုင်နာ မနန်းခမ်းအောင်အတွက် အဆိုပါသင်တန်းသည် နည်းပညာကျွမ်းကျင်မှုအသစ်များကို လေ့လာဆည်းပူးရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။

“ဒီလိုသင်တန်းမျိုးကို ကျွန်မ ပထမဆုံးအကြိမ် တက်ရောက်ဖူးတာပါ။ ပုံကြမ်းဖန်တီးတာနဲ့ ပတ်သက်ပြီး လေ့လာသင်ယူခဲ့ပါတယ်။ ဒီသင်တန်းက ကျွန်မအတွက် အကျိုးရှိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါသင်တန်းတွင် အထည်ချုပ်လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် လူငယ်များလည်း တက်ရောက်ခဲ့ကြသည်။ ၎င်းတို့အနက် အဝတ်အထည်ထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများကို တိုးတက်အောင် လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် တရုတ်ဘာသာစကားကိုလည်း သင်ယူနေသော သင်တန်းသူတစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် မသွန်းစန္ဒာဝေလည်း အပါအဝင်ဖြစ်သည်။

“အဝတ်အထည်ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့အတွက် ဒီသင်တန်းကို တက်ရောက်ခဲ့တာပါ” ဟု ၎င်းက ပြောပြခဲ့သည်။

၎င်းအနေဖြင့် လုပ်ငန်းခွင် စတင်ဝင်ရောက်ချိန်တွင် သင်ယူခဲ့သည့် အရာများကို အသုံးချရန် မျှော်လင့်ထားကာ ၎င်း၏ တရုတ်ဘာသာစကားကျွမ်းကျင်မှုနှင့် အဝတ်အထည် ထုတ်လုပ်မှုဆိုင်ရာ ဗဟုသုတများက အဆိုပါလုပ်ငန်းနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု တည်ဆောက်ရေးအတွက် အထောက်အကူပြုနိုင်သည်ဟု ဆိုသည်။ 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအတွက် အရင်းအနှီးနှင့် နည်းပညာ နှစ်မျိုးစလုံးကို ယူဆောင်လာကြောင်း၊ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ကုန်ကြမ်းများနှင့် ဆက်စပ်ပစ္စည်းများအတွက် တရုတ်နိုင်ငံအပေါ်  မှီခိုအားထားနေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ပြောကြားခဲ့သည်။

ထိုအခြေအနေ၌ အသင်းအနေဖြင့် နည်းပညာအခြေပြု သင်တန်းအစီအစဉ်များမှတစ်ဆင့် တရုတ်အထည်ချုပ်လုပ်ငန်း အသင်းအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ အဆိုပါသင်တန်းများက ပြည်တွင်းထုတ်လုပ်သူများနှင့် အထည်ချုပ်လုပ်သားများ၏ နည်းပညာကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အထောက်အကူပေးမည်ဖြစ်ကြောင်း MGMA က ပြောသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သည့် Pattern Making Training for Mass Production သင်တန်းဆင်းပွဲ အခမ်းအနား၌တက်ရောက်လာသူများကစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ်