Dear You တရုတ်ရုပ်ရှင်အား ပရိသတ်များ တစ်ခဲနက် အားပေးကြည့်ရှု

Xinhua,    September 08, 2026
Size:

Dear You တရုတ်ရုပ်ရှင် ရုံလုံးကျွတ်ပြသပွဲကို မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့ Junction City ရုပ်ရှင်ရုံ၌ ကျင်းပခဲ့ရာ အသင်းချုပ်အဖွဲ့ဝင်များက မိသားစုဝင်များနှင့်အတူ တက်ကြွစွာ တစ်ခဲနက် လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။ 

အဆိုပါရုပ်ရှင်သည် ချောင်ရှန့် ဒေသိယစကားကို အဓိကထားကာ ချောင်ဖီး (Qiaopi) မှတ်တမ်းအကြောင်းနှင့် စပ်လျဉ်း၍ ရှေးယခင်မျိုးဆက် တရုတ်လူမျိုးများ နန်ယန်ဒေသ (အရှေ့တောင်အာရှ) သို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်းလုပ်ဆောင်နေချိန်တွင် ဇာတိမြေမှ မိသားစုဝင်များနှင့် အပြန်အလှန် သတိရတမ်းတမှု၊ ဖေးမကူညီမှု အကြောင်းကို တင်ဆက်ရိုက်ကူးထားခြင်းဖြစ်သည်။

ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ၏ မိသားစုထံ ပို့စာများနှင့် ငွေလွှဲစာပါဝင်သည့် “ငွေနှင့်စာစောင်” ကို “ချောင်ဖီး (Qiaopi)” ဟု ခေါ်ပြီး ယင်းမှာ လွန်ခဲ့သည့် ရာစုနှစ်တွင် နန်ယန်ဒေသ (အရှေ့တောင်အာရှ) ရှိ တရုတ်လူမျိုးများနှင့် ဇာတိမြေအကြား စာပို့ဆက်သွယ်သည့် အဓိကနည်းလမ်းဖြစ်သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ လျင်ဝန်မုန် (ဦးအိုင်ထွန်း) က မိသားစုများနှင့်အတူ ရုပ်ရှင်ပြသပြီးစီးသည်အထိ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ရုပ်ရှင်ကြည့်ရှုပြီးနောက် ဦးအိုင်ထွန်းက အဆိုပါရုပ်ရှင်သည် ဘိုးဘွားများ၏ ပြည်ပတွင် ကြိုးပမ်းအားထုတ်ခဲ့သော ခက်ခဲကြမ်းတမ်းသည့်ဖြစ်စဉ်ကို သရုပ်မှန် ပြသထားရာ ရှေးဘိုးဘွားများ၏ လက်ဗလာဖြင့် မိသားစုစတင်တည်ဆောက်ခဲ့ရပုံနှင့် ကြံ့ကြံ့ခံသည့် စိတ်ဓာတ်အရည်အသွေးများကို ဖော်ကျူးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် လူငယ်တရုတ်မျိုးဆက်များက ယင်းသမိုင်းအကြောင်းအပေါ် အနည်းငယ်သာ သိရှိနားလည်ကြကြောင်း၊ ယခုကဲ့သို့ အားလုံးအတူစုံညီ ရုပ်ရှင်ကြည့်ရှုခြင်းမှာ မျိုးဆက်သစ်တရုတ်လူမျိုးများက သမိုင်း၏အကြောင်းအရာနှင့် ဘိုးဘွားများ၏စိတ်ဓာတ်ကို နီးနီးကပ်ကပ် ခံစားသိရှိလာပြီး လက်ရှိအချိန်အခါကို ပိုမိုတန်ဖိုးထားတတ်စေရန်၊ ယဉ်ကျေးမှုယုံကြည်ချက် ခိုင်မာလာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ယခုအကြိမ် မြေးဖြစ်သူများနှင့်အတူ ရုပ်ရှင်ကြည့်ရှုခြင်းသည် ပြည်ပရောက် တရုတ်လူမျိုးများ၏ လေးနက်မှုရှိသည့် သမိုင်းပညာပေးမှုတစ်ခုလည်းဖြစ်သကဲ့သို့ သက်ဝင်လှုပ်ရှားသည့် မိသားစုအစဉ်အလာ လက်ဆင့်ကမ်းသည့် သင်ခန်းစာတစ်ခုလည်းဖြစ်ရာ တစ်မူထူးခြားသော အနက်အဓိပ္ပာယ်ရှိကြောင်း ဦးအိုင်ထွန်းက ဆိုသည်။

ယနေ့အခါ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာပြီး ဆက်သွယ်ရေးတိုးတက်ထွန်းကားလာရာ ပြည်ပရောက် တရုတ်လူမျိုးများနှင့် ဇာတိမြေ၏ အဆက်အသွယ်များသည်လည်း နေ့စဉ်နှင့်အမျှ ပို၍ နီးကပ်လာကြောင်း၊ သို့သော် ရှေးဘိုးဘွားများ၏ ခက်ခဲကြမ်းတမ်းသောကာလတွင် လုံလဝီရိယရှိမှု၊ ရဲစွမ်းသတ္တိရှိမှု၊ အပြန်အလှန်ဖေးမကူညီမှု အရည်အသွေးများသည်လည်း တန်ဖိုးဖြတ်၍မရသည့် စိတ်ဓာတ်ရေးရာဓနဥစ္စာများပင် ဖြစ်ရာ ခေတ်အဆက်ဆက်က အမြဲမှတ်သား၍ မြှင့်တင်ဆောင်ကြဉ်းထိုက်ကြောင်း ၎င်းက တွေးတောရင်း ပြောကြားခဲ့သည်။