မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

Xinhua,    September 07, 2026
Size:

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းသို့ ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယင်းဒေသ၌ စက်တင်ဘာ ၂ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး လီချန်းကော်၊ အထက(ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်နှင့်အတူ ဒေသန္တရစီမံအုပ်ချုပ်ရေးဌာန၊ လွှတ်တော်၊ သတင်းနှင့်ပြန်ကြားရေး၊ ပညာရေး စသည့် အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူဦးရေ ၅၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။ 

အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းသည် ၁၇ ကျောင်းမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် လှူဒါန်းသော အထောက်အပံ့ပစ္စည်းများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သိုလှောင်မှုစနစ်၊ သတင်းအချက်အလက်နည်းပညာ ကိရိယာများ၊ ပန်ကာများ၊ မြက်ရိတ်စက်များနှင့် အားကစားပစ္စည်းများ စသည်တို့ ပါဝင်သည်။

ဟင်္သာတခရိုင် ပညာရေးမှူး ဒေါ်စန်းယုမော်က အမှာစကားပြောကြားရာတွင် ဒေသန္တရပညာရေးလုပ်ငန်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးအနေဖြင့် ရေရှည်ဂရုတစိုက် ကူညီပံ့ပိုးပေးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်က တရုတ်သံရုံးသို့  လှူဒါန်းမှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ကာ တရုတ်သံရုံး၏ လှူဒါန်းပစ္စည်းများသည် စာသင်ကျောင်း၏ လက်တွေ့လိုအပ်ချက်များနှင့် အလွန်ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

အပြန်အလှန်ဆွေးနွေးပြောကြားရာတွင် Grade 9 ကျောင်းသူ မလင်းလဲ့နေခြည်ဇော်နှင့် Grade 12 ကျောင်းသား မောင်ချစ်လင်းကို အပါအဝင် ကျောင်းသား၊ ကျောင်းသူများက တရုတ်ယဉ်ကျေးမှုအပေါ် အထူးစိတ်ဝင်စားကြောင်း ဖော်ပြကြသည်။

"တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းရဲ့ ကျောင်းသားများအနေဖြင့် တရုတ်နိုင်ငံကို အလွန်စိတ်ဝင်စားကြပြီး တရုတ်နိုင်ငံအကြောင်းကို ပိုမိုလေ့လာလိုကာ တရုတ်နိုင်ငံနှင့်ပတ်သက်တဲ့ အသိပညာတွေ ပိုမိုရရှိချင်ပါတယ်။ အနာဂတ်မှာ ပညာသင်ကြားပြီး ကြီးပြင်းလာရာမှာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းဖို့ မိမိအင်အားနဲ့ အကျိုးဆောင်ပေးသွားချင်ပါတယ်" ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသည် မကြာသေးမီနှစ်များအတွင်း တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း စီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စာသင်ကျောင်းများ၏ သင်ကြားရေးပတ်ဝန်းကျင်နှင့် အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ရာ လူမှုရေးဆိုင်ရာ အကျိုးရလဒ်ကောင်းများ ရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မကြာမီကာလအတွင်း တရုတ်သံရုံးသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသည့် ဒေသများရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများသို့လည်း ပညာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။