မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ အုန်းပင်စုကျေးရွာတွင် မိသားစုဝင်ငွေသည် နှစ်စဉ်စပါးရိတ်သိမ်းမှုအပေါ်၌သာ အဓိကမှီခိုနေရပြီး မျိုးဆက်ပေါင်းများစွာတိုင်အောင် စပါးစိုက်ပျိုးရေးသည်သာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဖြစ်ခဲ့သည်။
ယခုအခါ ထိုအစဉ်အလာများ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
ရွာသူရွာသားများသည် ယခုအခါ ငါးမွေးမြူခြင်း၊ Net house များအတွင်း ဂန္ဓမာပန်းများ စိုက်ပျိုးခြင်း၊ ဖယောင်းတိုင်ပြုလုပ်ခြင်း၊ ခေါင်းလျှော်ရည်နှင့် အဝတ်လျှော်ဆပ်ပြာရည်များ ထုတ်လုပ်ခြင်းတို့အပြင် ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးနေကြပြီဖြစ်သည်။
ယင်းလုပ်ငန်းများသည် ကျွမ်းကျင်မှုအသစ်များကို ပုံမှန်ဝင်ငွေအဖြစ် ပြောင်းလဲပေးခဲ့ပြီး မိသားစုများကို စပါးတစ်မျိုးတည်း ရိတ်သိမ်းရောင်းချမှုအပေါ် မှီခိုနေရခြင်းမှ အခြားရွေးချယ်စရာများကိုပါ ရရှိစေခဲ့သည်။
အဆိုပါပြောင်းလဲမှုသည် ကျေးရွာအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ၂၀၂၄" ဖြင့် ထောက်ပံ့ကူညီပေးထားသည့် စံပြကျေးရွာစီမံကိန်းကြောင့် ဖြစ်သည်။
ဤပြောင်းလဲမှုများသည် လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရုံမျှမကဘဲ ထိုထက်မက ပိုမိုကျယ်ပြန့်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအောင်ကြည်ထွန်းက ဆိုသည်။
"စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အရင်က ရွှံ့နွံတွေထဲမှာ သွားလာခဲ့ရတာပါ" ဟု ၎င်းက ပြောကြားခဲ့ပြီး ယခုအခါ ကျေးရွာအတွင်း ကွန်ကရစ်လမ်းများ ခင်းကျင်းပြီးစီးသွားပြီဖြစ်ကြောင်း ဦးစောအောင်ကြည်ထွန်းက ပြောသည်။
လမ်းသစ်များသည် အထူးသဖြင့် မိုးရာသီတွင် သွားလာရခက်ခဲသည့် ဒုက္ခများကို သက်သာစေခဲ့သည်။
"ဒီစီမံကိန်းက ကျွန်တော်တို့ရွာတင် မကပါဘူး၊ အိမ်နီးနားချင်း ရွာတွေကိုပါ အကျိုးရှိစေပါတယ်" ဟု ဦးစောအောင်ကြည်ထွန်းက ပြောသည်။ "လမ်းတွေ၊ ရေတွေ ရလာတဲ့အတွက် အခြားနေရာတွေက လူတွေတောင် ရေလာခပ်ကြပါတယ်" ဟု ၎င်းက ဆိုသည်။
သို့သော်လည်း အရေးကြီးဆုံး ပြောင်းလဲမှုမှာ လမ်းများ၊ ပိုက်လိုင်းများ သို့မဟုတ် ငွေကြေးဖြင့် တိုင်းတာ၍ မရနိုင်သော အရာဖြစ်ပြီး "ရွာသားတွေရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားတာပါပဲ" ဟု ၎င်းက ပြောသည်။
"အားလုံး ပူးပေါင်းဆောင်ရွက်ကြရင် အောင်မြင်နိုင်တယ်ဆိုတာကို သူတို့ အခု သဘောပေါက်သွားကြပါပြီ” ဟု ၎င်းက ဆိုသည်။
ဤစီမံကိန်းသည် လမ်း၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ဝင်ငွေရရှိစေမည့် လုပ်ငန်းများကို ပံ့ပိုးပေးထားသည်။
ထို့အပြင် ရွာသူရွာသားများအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စုံလင်အောင် ဆောင်ရွက်ကြရန်နှင့် ပုံမှန်ဝင်ငွေ ရရှိစေနိုင်မည့် ကျွမ်းကျင်မှုများ တိုးတက်မြင့်မားစေရန် အားပေးတိုက်တွန်းခဲ့သည်။
မိသားစုဝင် လေးဦးရှိပြီး ကျောင်းဆရာနှင့် လယ်သမားတစ်ဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးကျော်ကျော်နိုင် အတွက်မူ ငါးမွေးမြူခြင်းသည် ဝင်ငွေလမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
"အမှန်အတိုင်းပြောရရင် အရင်က အပိုဝင်ငွေ မရှာနိုင်ခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။ "အခု စီမံကိန်းကြောင့် ငါးမွေးပြီး အပိုဝင်ငွေ ရှာနိုင်ပါပြီ"
စိုက်ပျိုးရေးလုပ်ငန်းသည်လည်း ပုံစံသစ်များဖြင့် ပေါ်ထွက်လာခဲ့သည်။
အသက် ၆၀ နှစ်အရွယ် ဦးအေးထွန်းသည် ယခင်က ပန်းစိုက်ပျိုးရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုအခါ Net house ဖြင့် ဂန္ဓမာပန်းများကို အောင်မြင်စွာ စိုက်ပျိုးနေပြီဖြစ်သည်။
"အရင်က စိုက်ဖူးတယ်၊ မအောင်မြင်ခဲ့ဘူး။ အခု Net house ထဲမှာ ဂန္ဓမာပန်းတွေ ဖြစ်ထွန်းနေပြီ" ဟု ၎င်းက ပြောကြားခဲ့ပြီး ဤစီမံကိန်းသည် ၎င်း၏ ကာလရှည်ကြာ မက်ခဲ့ရသည့် ပန်းစိုက်ပျိုးလိုသော အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
မိသားစုဝင် သုံးဦးရှိသည့် အသက် ၃၉ နှစ်အရွယ် လယ်သမား ဦးအောင်စိုးသည် ယခုအခါ ကျေးရွာအစုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖယောင်းတိုင်များ ထုတ်လုပ်လျက်ရှိသည်။
"ကျွန်တော်တို့ မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့ပြီး အခုဆို ဖယောင်းတိုင်တွေ လုပ်ပြီး ရောင်းချနိုင်ပါပြီ" ဟု ၎င်းက ပြောသည်။
အမျိုးသမီးများလည်း အခွင့်အလမ်းသစ်များ ရရှိခဲ့ကြသည်။ ကလေးနှစ်ဦး၏ မိခင် အသက် ၄၄ နှစ်အရွယ် ဒေါ်စိုးစိုးအေးသည် ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာမှုန့်နှင့် အခြားအိမ်သုံးပစ္စည်းများ ထုတ်လုပ်သည့် အဖွဲ့တွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။
၎င်းတို့အဖွဲ့သည် ထုတ်ကုန်များကို ရွာအတွင်းနှင့် အနီးဝန်းကျင်ရွာများသို့ ရောင်းချသည့်အပြင် မှိုနှင့် သင်္ဘောသီး အပါအဝင် ဟင်းသီးဟင်းရွက်များကိုပါ စိုက်ပျိုးကြသည်။
ရွာသူရွာသားများသည် စီမံကိန်းအောက်တွင် စက်ချုပ်ခြင်း၊ အစားအသောက်ပြုလုပ်ခြင်း၊ ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာမှုန့် ထုတ်လုပ်ခြင်း၊ ဖယောင်းတိုင်ပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းပညာ သင်တန်းများကို တက်ရောက်ခွင့် ရရှိခဲ့ကြသည်ဟု ၎င်းက ပြောပြခဲ့သည်။
"ဒီစီမံကိန်း မတိုင်ခင်က စပါးပဲ စိုက်ခဲ့တာပါ။ စပါးရိတ်မှပဲ ပိုက်ဆံရတာပါ။ အခုတော့ လစဉ် ပုံမှန်ဝင်ငွေ ရနေပါပြီ" ဟု ၎င်းက ပြောသည်။
ဒေါ်စိုးစိုးအေး အတွက်မူ ထိုစီမံကိန်းသည် မျှော်လင့်ချက်များကိုလည်း ဆောင်ကြဉ်းပေးခဲ့သည်။ "စစချင်းတုန်းက အခြားနိုင်ငံက လူတွေက ကျွန်မတို့လို နိုင်ငံကို လာပြီး ကူညီလိမ့်မယ်လို့ မယုံခဲ့ပါဘူး။ အခုတော့ သူတို့ တကယ်ပဲ ကူညီပေးခဲ့ကြပါပြီ" ဟု ၎င်းက ပြောသည်။
"ဒီစီမံကိန်းအတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်" ဟုလည်း ၎င်းကဆိုသည်။
ရရှိလာသည့် အကျိုးကျေးဇူးများသည် ဝင်ငွေတစ်ခုတည်းအတွက် မကပေ။ လမ်းများ ကောင်းမွန်လာခြင်းကြောင့် ကလေးများ ကျောင်းတက်ရန်နှင့် ရွာသားများ ဆေးကုသမှုခံယူရန် ပိုမိုလွယ်ကူလာခဲ့သည်။
လျှပ်စစ်မီး ရရှိလာသဖြင့် ကျောင်းသားများ စာကြည့်ရန် ပိုမိုကောင်းမွန်သည့် အခြေအနေများ ရရှိခဲ့သလို ရေသန့်စနစ်သစ်ကြောင့် သောက်သုံးရေ ဝယ်ယူရသည့် ဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်ခဲ့ကြောင်း ရွာသားများက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဤစီမံကိန်းသည် အိမ်ထောင်စု ၁၈၀ မှ ရွာသူရွာသား ၇၂၆ ဦးကို အကျိုးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အခြားဒေသများရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။
အုန်းပင်စုရွာသူရွာသားများအတွက်မူ ဤစီမံကိန်းသည် ကျွမ်းကျင်မှုအသစ်များ တိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စုံလင်အောင် ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ရာတွင် ယုံကြည်မှုများ ရရှိစေရန် ကူညီပေးခဲ့သည်။