
ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုရွာသို့ အခြားနယ်မှ ကားများစွာ ရောက်ရှိလာခဲ့သည်။ ကားများက အသစ်ခင်းထားသော ကွန်ကရစ်လမ်းများအတိုင်း ရွာအတွင်း မောင်းနှင်ဝင်ရောက်လာခဲ့ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစင်တာအတွင်း၌ ရွာသူ၊ ရွာသားများ အပြည့် ထိုင်နှင့်နေပြီးဖြစ်သည်။ ထိုနေရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဖော်ဆောင်သော “မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်း” စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားရာ၌ အဆိုပါစီမံကိန်းသည် အုန်းပင်စုရွာရှိ အိမ်ထောင်စု ၁၈၀ စု၊ ရွာသူ၊ ရွာသားပေါင်း ၇၂၆ ဦးကို အကျိုးပြုစေခဲ့သည်သာမက မြန်မာနိုင်ငံ အခြားဒေသ ကျေးရွာ တည်ဆောက်မှုအတွက်လည်း အသုံးဝင် အကျိုးရှိသော စံနမူနာကောင်းများကို ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
အုန်းပင်စုရွာသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် အတွင်းပိုင်းဒေသ၌ တည်ရှိနေသော ရွာလေးတစ်ရွာဖြစ်သည်။ ယခင်ခေတ်အဆက်ဆက် ဆန်စပါးစိုက်ပျိုးခဲ့မှုများက ထိုနေရာ၏ လူနေမှုဘဝစည်းချက်ကို အဆုံးအဖြတ်ပေးခဲ့ရာ မိသားစုဝင်ငွေသည် အဓိကအားဖြင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရရှိမှုကို အားထားကြရသည်။
လွန်ခဲ့သည့်နှစ်နှစ်က အဆိုပါရွာထဲရှိ လမ်းများသည် ရွှံ့ညွန်များအပြည့်ဖြစ်နေခဲ့ပြီး မိုးရာသီ ကျရောက်ချိန်တိုင်းတွင် ရွာသူ၊ ရွာသားများက ဒူးအထိပင်နက်သော ရွှံ့ဗွက်များအကြား ဖြတ်သန်းသွားလာရသည်။ ရွာထဲတွင် လျှပ်စစ်မီးမရှိသဖြင့် ကလေးများက မှေးမှိန်သည့် ရေနံဆီမီး၏ အလင်းရောင်ဖြင့်သာ စာဖတ်ကြရသည်။
ယနေ့အခါ အဆိုပါရွာလေး၏ လူနေမှုဘဝသည် အသစ်စက်စက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရွာအတွင်းလမ်းများ သန့်ရှင်းညီညာနေပြီး လမ်းဘေးနှစ်ဖက်တွင် ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ မြင့်မားစွာတည်ရှိသော ရေတာဝါတစ်ခုက ကျေးရွာတစ်ရွာလုံးအတွက် သန့်ရှင်းသော သောက်သုံးရေ ပံ့ပိုးပေးနေပြီး ဖန်လံအိမ်စိုက်ခင်းအတွင်း၌ ဂန္ဓမာပန်းများက ကြည်နူးအားရဖွယ်ရာ ရှင်သန်ပွင့်လန်းလျက်ရှိသလို ငါးကန်ထဲက ငါးကလေးများ လူးလွန့်ကူးခတ်နေခြင်းကြောင့် ရေပြင်ပေါ်တွင် ရံဖန်ရံခါ ရေပွက်လှိုင်းများ ထလျက်ရှိသည်။
ပြောင်းလဲမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်၌ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် “မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်း” စီမံကိန်းကို ထိုနေရာ၌ စတင်ခဲ့သည်။ စီမံကိန်းသည် အခြေခံအဆောက်အဦ တိုးတက်ကောင်းမွန်မှုကို ပံ့ပိုးပေးပြီး စက်ချုပ်လုပ်ငန်း၊ ဆပ်ပြာထုတ်လုပ်မှု၊ ဖယောင်းတိုင်ပြုလုပ်မှုနှင့် စိုက်ပျိုးရေးနည်းပညာ စသည့်ကဏ္ဍများ၌ မွမ်းမံသင်တန်းများ ပို့ချခဲ့သည်။
ယနေ့အခါ တစ်ရွာလုံးတွင် ကွန်ကရစ်လမ်းများဖြင့် လွှမ်းခြုံထားနေပြီး ရေနုတ်မြောင်းများကြောင့် မိုးရာသီချိန်တွင် ရေဝပ်ရေအိုင်သည့် အခက်အခဲ မဖြစ်တော့ပေ။ ကလေးငယ်များက စက်ဘီးစီး၍ ကျောင်းတက်နိုင်သဖြင့် ကျောင်းတက်မှုနှုန်း သိသိသာသာမြင့်တက်လာခဲ့သည်။ “အခုဆို ကားတွေက အိမ်တံခါးဝအထိ မောင်းလာလို့ရတယ်၊ နေမကောင်းဖြစ်လည်း မိနစ်ပိုင်းအတွင်း ဆေးရုံကိုရောက်နိုင်တယ်” ဟု ရွာသား ဦးအေးထွန်းက ဆိုသည်။
အဆိုပါလမ်းသည်လည်း ကြွယ်ဝရေးလမ်းဖြစ်လာခဲ့သည်။ ရွာသူကြီး ဦးစိုးအောင်ကြည်ထွန်းက သတင်းထောက်ကို ယခုလို တွက်ချက်ပြသည်။
“အရင်က လမ်းမကောင်းတော့ စပါးသီးနှံတွေဆို ပို့လို့မရဘူး၊ ဈေးလည်း အရမ်းနှိမ်ခံရတယ်။ အခုလမ်းပေါက်သွားတော့ ကျွန်တော်တို့က ကုန်တွေကို ဈေးကွက်ထဲ အချိန်မီပို့လို့ရတယ်၊ စပါးသီးနှံတွေလည်း ဈေးပိုရလာတယ်။ အရင်က ရေကားတစ်စီးဝယ်ရင် ၅,၀၀၀ လောက်ရှိတယ်၊ အခုအိမ်တိုင်းက ဘုံပိုင်ရေသုံးနိုင်ပြီဆိုတော့ တစ်လကို ၃,၀၀၀ တောင်မကျဘူး” ဟု ၎င်းက ဆိုသည်။
ရွာသူရွာသားများကို ဂုဏ်ယူဖွယ်ရာအကောင်းဆုံးအရာမှာ အသက်မွေးဝမ်းကျောင်းနည်းပညာသစ်တစ်ခု ပိုင်နိုင်တတ်မြောက်သွားခြင်း ဖြစ်သည်။ ဦးအောင်စိုးနှင့် ရွာသားများအတူ ဖယောင်းတိုင်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး လူတိုင်း၊ လတိုင်း အကျိုးအမြတ်များ ခွဲဝေရရှိကြသည်။ ဦးအေးထွန်းနှင့် ရွာသားအချို့ကလည်း ဖန်လုံအိမ် ပန်းစိုက်ပျိုးခြင်းကို အတူလုပ်ကိုင်လျက်ရှိရာ ယခင်က အမိုးအကာမရှိ စိုက်ပျိုးရ၍ မဖြစ်ထွန်းသောပန်းမန်များသည် ယခုအခါ ဖန်လုံအိမ်အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်ကောင်းလာသည်။ ဒေါ်စိုးစိုးအေးနှင့် အမျိုးသမီးတချို့အတူ စုပေါင်း၍ ဆပ်ပြာနှင့်ခေါင်းလျှော်ရည် ထုတ်လုပ်ကြသလို မှိုနှင့်သင်္ဘောများ စိုက်ပျိုးကြကာ မိမိကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများကို ရောင်းချကြသည်။ ဦးကျော်ကျော်နိုင်နှင့် အခြားရွာသားအချို့လည်း ငါးမွေးမြူရေးအတတ်ပညာကို တတ်မြောက်ခဲ့ခြင်းကြောင့် မွေးမြူရေးကာလတစ်ခုတွင် ဝင်ငွေအားဖြင့် သိန်း ၅၀ ထပ်တိုးလာသည်။ ဤကဲ့သို့ သေးငယ်သော်လည်း ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းစီမံကိန်းများက ကျေးလက်သူကျေးလက်သားများအတွက် တည်ငြိမ်သည့် ဝင်ငွေရရှိစေသည်။
ထို့အပြင် စီမံကိန်းသည် စက်ချုပ်အတတ်ပညာမွမ်းမံသင်တန်းလည်း ဖွင့်လှစ်ခဲ့သည်။
“အရင်က ရွာမှာ လူတစ်ယောက်လောက်ပဲ စက်ချုပ်တတ်တယ်၊ အခုတော့ အမျိုးသမီး အများစုက တတ်လာပြီး လက်မှုပညာနဲ့ ဝင်ငွေရှာနိုင်လာပြီ” ဟု ဒေါ်စိုးစိုးအေးက ဆိုသည်။
“ပထမဆုံးတုန်းကတော့ သူများနိုင်ငံက ဒီလိုမျိုးတွေ သင်တန်းပေး လာရောက်ပို့ချမယ်လို့ မထင်ဘူးလေ၊ အခုကျတော့ တကယ်ပဲ အကူအညီသင်တန်းပို့ချမှုကို ရလာတယ်” ဟု ဒေါ်စိုးစိုးအေးက ဝမ်းပန်းတသာ ပြောကြားခဲ့သည်။
ကျေးရွာမူကြိုကျောင်းအတွင်း ဆရာ၊ဆရာမများက ကလေးငယ်များအား စောင့်ရှောက်လျက်ရှိပြီး ကျောင်းဝန်းအားကစားကွင်းနံဘေးရှိ ဆော့ကစားရာနေရာတွင် ကလေးငယ်များ ကြည်သာရွှင်မြူးသော ရယ်သံမောသံများ ပျံ့လွင့်လျက်ရှိသည်။
ပို၍ တန်ဖိုးထားဖွယ် ရခဲလှသည့်အကြောင်းအရာမှာ စီမံကိန်းက စိတ်ဓာတ်ရေးရာ အတွေးအခေါ်များကို ပြောင်းလဲပေးခြင်းဖြစ်သည်။
“ရွာသူရွာသားတွေက အခုဆိုရင် စည်းလုံးညီညွတ်မှုနဲ့ အားလုံး ပေါင်းစပ်ပြီး လုပ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို သူတို့ စိတ်ထဲမှာ သိသွားပြီ” ဟု ဦးစောအောင်ကြည်ထွန်း က ဆိုသည်။
“စီမံကိန်းစပြီးနောက်ပိုင်း ကျွန်တော်တို့ အဖွဲ့ငယ်ပုံစံလေးတွေနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်လို့ရတယ်ဆိုတာကို သိလာကြတယ်” ဟု ဦးကျော်ကျော်နိုင်က ပြောကြားခဲ့သည်။
စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ရှန်သန်း က အမှာစကားပြောကြားရာတွင် ကျေးလက်လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးကဏ္ဍကြီးငါးရပ်၌ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မကြာမီနှစ်များအတွင်း လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၌ “သေးငယ်ပြီး ကောင်းမွန်သည့်” ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဝင်ငွေတိုးမြှင့်ရေး စသည့် ကဏ္ဍများကို အဓိက ဖြေရှင်းနိုင်ခဲ့ပြီး ဒေသခံပြည်သူလူထု၏နေထိုင်မှုဘဝအတွက် ထင်သာမြင်သာသော အပြောင်းအလဲများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ လက်ရှိအချိန်ထိ တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၄၀ ခု ဖော်ဆောင်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် က ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း တစ်သောင်းကျော်ရှိရာ မြန်မာနိုင်ငံရှိ ကျေးရွာစုစုပေါင်းအရေအတွက်၏ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်ဒေသအဆင့်မှ တွန်အားပေးခြင်းသည် ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူမှုစီးပွားကဏ္ဍအခြေအနေကို ထိရောက်စွာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သလို နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အနာဂတ်မှာ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆက်ရှိသွားကာ ပိုပိုကောင်းလာပြီး ကျေးရွာကို အဆက်မပြတ်တိုးတက်တဲ့၊ ဒီထက်မက သာယာလှပတဲ့ ကျေးရွာလေးအဖြစ် ပြောင်းလဲပေးမယ်လို့ မျှော်လင့်တယ်ဗျာ” ဟု ဦးအောင်စိုးက ပြောကြားခဲ့သည်။