
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ပြုလုပ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ၂၀၂၄ဖြင့်ဆောင်ရွက်သည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ၂၀၂၆ခုနှစ်ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် ဆောင်ရွက်သည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးတွင် ဩဂုတ် ၂၀ ရက်က ကျင်းပခဲ့သည်။
မြစ်ဝကျွန်းပေါ်ဒေသ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများအကြား ကျေးရွာအုပ်စုအဆင့် ဆင်းရဲမှုလျှော့ချရေးကို တိုးချဲ့ဆောင်ရွက်သော အဆိုပါစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာအုပ်စု၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေသည် မြန်မာနိုင်ငံတွင် "သေးငယ်ပြီး ကောင်းမွန်သည့်" ကျေးလက်ဆင်းရဲမှုလျှော့ချရေးစီမံကိန်းများစွာကို အကောင်အထည်ဖော်ရာ၌ အထောက်အကူဖြစ်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ယင်းအခမ်းအနားမိန့်ခွန်း၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ ရှန်သန်း က ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် မူဘောင်အတွင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကောင်းမွန်သော အောင်မြင်မှုရလဒ်များ ထွက်ပေါ်လာစေရန် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ရှန်သန်း က ထပ်လောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှလည်း အမှာစကားပြောကြားရာတွင် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ စီမံကိန်း ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည့် တရုတ်နိုင်ငံအား အထူးကျေးဇူးတင်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် နယ်ပယ်ကဏ္ဍများ၌ တရုတ်နိုင်ငံနှင့်အတူ စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျေးရွာသူရွာသားများ အပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော်ခဲ့သော ဤစီမံကိန်းသည် အိမ်ထောင်စုပေါင်း ၁၈၀ ကျေးရွာ ပြည်သူ ၇၂၆ ဦးတို့အတွက် အကျိုးကျေးဇူးများဆောင်ကြဉ်းပေးရုံမျှမက မြန်မာနိုင်ငံ၏ အခြားဒေသများရှိ ကျေးလက်ဒေသ တည်ဆောက်ရေးအတွက်လည်း အသုံးဝင် အကျိုးရှိသော စံနမူနာကောင်းများကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။