
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်ရုပ်ရှင် Dear You အထူးပြသပွဲအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က ပြုလုပ်နေစဉ်
တရုတ်ရုပ်ရှင် Dear You အထူးပြသပွဲအား ဩဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်ရှုစားခဲ့ကြောင်း သိရသည်။
အဆိုပါရုပ်ရှင်သည် ချောင်ရှန့် ဒေသိယစကားကို အဓိကထားကာ ချောင်ဖီး (Qiaopi) မှတ်တမ်းအကြောင်းနှင့် စပ်လျဉ်း၍ ရှေးယခင်မျိုးဆက် တရုတ်လူမျိုးများ နန်ယန်ဒေသ (အရှေ့တောင်အာရှ) သို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်းလုပ်ဆောင်နေချိန်တွင် ဇာတိမြေမှ မိသားစုဝင်များနှင့် အပြန်အလှန် သတိရတမ်းတမှု၊ ဖေးမကူညီမှု အကြောင်းကို တင်ဆက်ပြောကြားထားခြင်းဖြစ်သည်။
ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ၏ မိသားစုထံ ပို့စာများနှင့် ငွေလွှဲစာပါဝင်သည့် “ငွေနှင့်စာစောင်” ကို “ချောင်ဖီး (Qiaopi)” ဟုခေါ်ပြီး ၎င်းသည် လွန်ခဲ့သည့်ရာစုနှစ်တွင် နန်ယန်ဒေသ (အရှေ့တောင်အာရှ) ရှိ တရုတ်လူမျိုးများနှင့် ဇာတိမြေအကြား စာပို့ဆက်သွယ်သည့် အဓိကနည်းလမ်းဖြစ်သည်။
မြန်မာ အမျိုးသမီးသရုပ်ဆောင် မယွန်းဝင့်လွှာအောင်က အဆိုပါရုပ်ရှင်တွင် ဇာတ်လမ်းအကြောင်းအရာ ကြီးကြီးမားမား အတက်အကျ အနိမ့်အမြင့်များ မရှိသော်လည်း နှလုံးသားကို ထိမိစေကြောင်း၊ ဇာတ်လမ်းအဆုံးသတ်တွင် ဝမ်းသာမျက်ရည်ကျခဲ့ရကြောင်း ရုပ်ရှင်ကြည့်ရှုပြီးနောက် သတင်းထောက်အား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဒေါ်သန်းဝင်းက ရုပ်ရှင်အကြောင်းအရာသည် ၎င်းဖခင်ဖြစ်သူ၏ အတွေ့အကြုံကို ပြန်လည်သတိရစေခဲ့ကြောင်း၊ ယခင်က ၎င်း၏ဖခင်သည် ငွေစုပြီးသည်နှင့် ၎င်းကို စာရေးခိုင်းပြီး ဇာတိမြေသို့ ငွေပြန်ပို့ခိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာပြည် ချိုကြူးအမျိုးသားအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က အဆိုပါရုပ်ရှင်သည် ပြည်ပတရုတ်လူမျိုးများကို ရှေးယခင်မျိုးဆက် တရုတ်လူမျိုးများ၏ ခက်ခဲပင်ပန်းမှုနှင့် ဇွဲလုံ့လဝီရိယ၊ ဇွဲလုံ့လရှိသောစိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိလာစေသလို တစ်ချိန်တည်းတွင် ပြည်ပတရုတ်လူမျိုးများ၏ ကြိုးစားလုပ်ကိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကတိတည်ယုံကြည်မှုရှိခြင်းနှင့် အချင်းချင်းရိုင်းပင်းကူညီလိုစိတ်တို့ကိုလည်း အားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါရုပ်ရှင်ကို မြန်မာနိုင်ငံ ရုပ်ရှင်ရုံဘက်က တင်သွင်းပြသခြင်းဖြစ်ပြီး တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာစကားသုံးမျိုးဖြင့် စာတန်းထိုးထားကာ ဩဂုတ် ၂၁ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင် စတင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။