
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် “ရသစုံလင် အပတ်စဉ်၊ တူညီရှုစား ဇာတ်လမ်းကောင်းများ” ပြသမှုစတင်ခြင်းနှင့်မှတ်တမ်းရုပ်ရှင် “အာကာသအနာဂတ်” ပြသခြင်း ဖွင့်ပွဲအခမ်းအနားတွင် ဆေးခြယ်သည့် အစီအစဉ်၌ ပါဝင်နေသော ကလေးငယ်တစ်ဦးကို ၂၀၂၆ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြတ်တော်ဝင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် မဟန်နီဦး အတွက် တရုတ်အာကာသ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုရခြင်းမှာ ရုပ်ရှင်ကားတစ်ကားထက် သာလွန်သည့် အတွေ့အကြုံကို ရရှိခဲ့သည်။ မြန်မာနိုင်ငံသည်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အာကာသထဲအထိ သွားရောက်နိုင်မည်ဟူသော ယုံကြည်ချက်အသစ်ကို အဆိုပါမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ၎င်းအနေဖြင့် ခံစားမိခဲ့သည်။
ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ဩဂုတ် ၉ ရက်က ကျင်းပသည့် “ရသစုံလင် အပတ်စဉ်၊ တူညီရှုစား ဇာတ်လမ်းကောင်းများ” ပြသမှုစတင်ခြင်းနှင့် မှတ်တမ်းရုပ်ရှင် “အာကာသအနာဂတ်” ပြသခြင်း ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသမှတ်တမ်းရုပ်ရှင် “ရှန်ကျိုး-၁၃” ကို ကြည့်ရှုပြီးနောက် အာကာသ စူးစမ်းလေ့လာမှုတွင် တရုတ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုများကြောင့် အားတက်မိသည်ဟု မဟန်နီဦးက ပြောသည်။
"တရုတ်နိုင်ငံဟာ အများကြီးတိုးတက်လာတယ်။ တရုတ်နိုင်ငံလိုပဲ ကျွန်မတို့အနေနဲ့လည်း အာကာသထဲကို သွားနိုင်ဖို့ ကြိုးစားသွားမှာပါ" ဟု ၎င်းက ဆိုသည်။
“ရှန်ကျိုး-၁၃” မှတ်တမ်းရုပ်ရှင်မှာ တရုတ်နိုင်ငံ၏ အာကာသစခန်း၌ ပထမဆုံးအကြိမ်အဖြစ် ၆ လကြာ လူနေထိုင်ခြင်း၊ တရုတ်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးက ပထမဆုံးအကြိမ် အာကာသအတွင်း လမ်းလျှောက်ခြင်းတို့ ပါဝင်သည့် ရှန်ကျိုး-၁၃ မစ်ရှင်အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၊ China Media Group ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့က ပူးတွဲစီစဉ်တင်ဆက်သည့် တရုတ်ရုပ်ရှင်ပြပွဲ အစီအစဉ်များ ကြည့်ရှုရန် ရန်ကုန်မြို့၌ စုဝေးရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဧည့်ပရိသတ်များအနက် မဟန်နီဦးလည်း အပါအဝင်ဖြစ်သည်။
ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်အားပေးရေးအတွက် ရုပ်ရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို အသုံးချသည့်အနေဖြင့် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားသည် စာသင်ခန်းပြင်ပ၌ တရုတ်နိုင်ငံအကြောင်း လေ့လာနိုင်မည့် အခွင့်အလမ်းတစ်ခုကိုလည်း ပေးစွမ်းခဲ့သည်ဟု မဟန်နီဦးက ယူဆလျက်ရှိသည်။
"တရုတ်ရုပ်ရှင်ကားတွေကိုကြည့်ရင်း သူတို့ရဲ့ ရိုးရာဝတ်စုံတွေနဲ့ အစားအသောက်တွေအကြောင်းကို လေ့လာနိုင်တယ်လေ။ ကျွန်မက တရုတ်နိုင်ငံရဲ့ နွေဦးပွဲတော်ကို သဘောကျတယ်" ဟု ၎င်းက ပြောသည်။
ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်များသည် အရုပ်ရော အသံဖြင့်ပါ သတင်းအချက်အလက်များ ပေးနိုင်သည့်အတွက် ကြည့်ရှုသူပရိသတ်များအနေဖြင့် မတူညီသော ဘာသာစကားများ၊ ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်အောင် ပေါင်းကူးဆက်သွယ်ပေးသည်။ ဩဂုတ် ၉ ရက် အခမ်းအနားသို့ တက်ရောက်လာသော လူငယ်များ၏ တုံ့ပြန်မှုများကလည်း ထိုစိတ်ကူးကို ထင်ဟပ်ပေါ်လွင်စေသည်။
Yangon Ming De တရုတ်ဘာသာစကား သင်တန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည့် အသက် ၁၁ နှစ်အရွယ် မခြူးသန္တာကျော်မှာ အဆိုပါအခမ်းအနား၌ အာကာသနှင့် သက်ဆိုင်သည့် ရုပ်ပုံများကို ဆေးရောင်ခြယ်ရင်း ထိုအခမ်းအနား၏ အစီအစဉ်တစ်ခု၌ ပါဝင်ခဲ့သည်။ ၎င်းအနေဖြင့် အခမ်းအနား အစီအစဉ်များကိုရော ရုပ်ရှင်များကိုပါ နှစ်သက်သဘောကျသည်ဟု ဆိုသည်။
"အာကာသဓာတ်ပုံတွေကို ဆေးရောင်ခြယ်တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ သမီးက တရုတ်အစားအစာနဲ့ တရုတ်ရုပ်ရှင်တွေကိုလည်း သဘောကျတယ်" ဟု ၎င်းက ပြောသည်။
မခြူးသန္တာကျော်သည် တရုတ်ဘာသာစကားကို လေ့လာသင်ယူနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ပညာသင်ယူရန် ရည်မှန်းထားခြင်းကြောင့် တရုတ်ဘာသာစကားကို စတင်လေ့လာနေခြင်းဖြစ်သည်။
၎င်း၏ ဆရာမဖြစ်သူ မခင်သန္တာဝင်းကလည်း ရုပ်ရှင်ပွဲတော်ကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများသည် ကလေးငယ်များအား ဖတ်စာအုပ်များကို ကျော်လွန်လေ့လာနိုင်မည့် အခွင့်အလမ်းများအား ဆောင်ကြဉ်းပေးသည်ဟု ဆိုသည်။
"တရုတ်ယဉ်ကျေးမှုအကြောင်းကို နားလည်စေဖို့နဲ့ တရုတ်ယဉ်ကျေးမှု သွင်ပြင်လက္ခဏာတွေအကြောင်း လေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ ကျွန်မရဲ့ သင်တန်းသား၊ သင်တန်းသူတွေကို ဒီကိုခေါ်လာခဲ့တာပါ" ဟု ၎င်းက ပြောပြခဲ့သည်။
တရုတ်ရုပ်ရှင်များက ဘာသာစကား လေ့လာခြင်းကို ပိုမိုပျော်ရွှင်စရာကောင်းအောင် ဖန်တီးပေးနိုင်သလို ယဉ်ကျေးမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ နားလည်သိရှိနိုင်စေရန် အထောက်အကူပြုနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထိုအာကာသ မှတ်တမ်းရုပ်ရှင်သည် အခမ်းအနားသို့ သူငယ်ချင်းများနှင့်အတူ တက်ရောက်ခဲ့သည့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ Journalism ဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်သူ မဆုမြတ်နိုးအတွက်လည်း လေးနက်သော ထင်မြင်ချက်တစ်ခုကို စွဲထင်ကျန်ရစ်စေခဲ့သည်။
၎င်းအနေဖြင့် "ရှန်ကျိုး-၁၃" မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုပြီးနောက် စိတ်ဓာတ်ခွန်အားသစ်များ ရရှိခဲ့သည်ဟု ဆိုသည်။ "ဒီရုပ်ရှင်က အာကာသအကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီရုပ်ရှင်ကို ကြည့်ပြီးတော့ ကျွန်မ စိတ်ဓာတ်ခွန်အားတွေ ရလာတယ်။ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် အဆိုပါ အခမ်းအနား၏ ထူးခြားလေးနက်မှုမှာ ရုပ်ရှင်ပြသခြင်းထက် သာလွန်သည်ဟု မဆုမြတ်နိုးက ယူဆထားသည်။
"ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်မှုက သိပ်အရေးကြီးပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက လူတော်တော်များများက တရုတ်စာသင်ယူနေကြပြီလေ။ ဒါကြောင့် ကျွန်မတို့ တရုတ်ယဉ်ကျေးမှုအကြောင်းကို သိထားသင့်သလို ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း မြှင့်တင်ဖော်ထုတ်ရပါမယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြတ်တော်ဝင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဆရာစိုင်းကလည်း ၎င်း၏ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးနှင့်အတူ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၎င်း၏ကျောင်း၌ တရုတ်ဘာသာ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ကို သင်ကြားပေးနေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ခန်းပြင်ပ၌ တရုတ်ယဉ်ကျေးမှုအကြောင်း ကိုယ်တိုင်ကြုံတွေ့ခံစားနိုင်မည့် အခွင့်အလမ်းများကိုလည်း ကြိုဆိုလျက်ရှိကြောင်း ၎င်းက ပြောသည်။
"ဒီနေ့ပြသခဲ့တဲ့ အာကာသရုပ်ရှင်ကို သဘောကျပါတယ်။ ကျွန်တော်က တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားပါတယ်" ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းက နှစ်နိုင်ငံအကြား တူညီသည့် ယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးတစ်ရပ်ကိုလည်း ထောက်ပြခဲ့သည်။ "တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ဘုံတူညီတဲ့ အရာတစ်ခုကတော့ လူကြီးသူမတွေကို ရိုသေလေးစားကြတာပဲဖြစ်တယ်" ဟု ၎င်းက ပြောကြားခဲ့ကာ ၎င်း၏ကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအကြား ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားစုံလင်မှုကို မြှင့်တင်အားပေးနိုင်မည့် ယခုအခမ်းအနားကဲ့သို့သော အခွင့်အလမ်းများကို ပိုမိုရှာဖွေသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် “ရသစုံလင် အပတ်စဉ်၊ တူညီရှုစား ဇာတ်လမ်းကောင်းများ” ပြသမှုစတင်ခြင်းနှင့်မှတ်တမ်းရုပ်ရှင် “အာကာသအနာဂတ်” ပြသခြင်း ဖွင့်ပွဲအခမ်းအနားတွင် အကအလှဖြင့် ဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ရက်က တွေ့ရစဉ်