ဝူရှူးအားကစားက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုကို အားပေးမြှင့်တင်

Xinhua,    July 03, 2026
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေ့ကျင့်ရေးပြုလုပ်နေသော မြန်မာနိုင်ငံ အမျိုးသားဝူရှူးအဖွဲ့မှ အားကစားသမားတစ်ဦးကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် 

ပျော့ပြောင်းသော ဟန်ပန်များ၊ အားမာန်ပြည့်ဝပြီး သွက်လက်ဖျတ်လတ်မှုတို့ကြောင့် လူသိများသည့် တရုတ်ကိုယ်ခံပညာရပ်ဖြစ်သော ဝူရှူးအားကစားသည် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ရသော အားကစားဆိုခြင်းထက်သာလွန်ကာ ရှင်သန်တိုးတက်လျက်ရှိသည်။

နှစ်များစွာအတွင်း ဝူရှူးအားကစားသည် စည်းကမ်း၊ လေ့ကျင့်မှုနှင့် အပြန်အလှန် လေးစားမှု မျှဝေခြင်းဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ချိတ်ဆက်ပေးသော ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် သိမ်မွေ့သောသံတမန်ရေးပုံစံ လမ်းကြောင်းအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့သည်။
ထိုအားကစားနှင့် ဆက်စပ်သော အားကစားသမားများနှင့် နည်းပြများအတွက်မူ ဝူရှူးသည် နည်းပညာထက်မကသော သမိုင်းကြောင်းကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ လူမှုအသိုင်းအဝိုင်းအကြား ပေါင်းကူးတံတားအဖြစ် တိုးတက်ရှုမြင်လာကြသလို အသက်မွေးဝမ်းကျောင်း အားကစားအဖြစ်သာမက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် နားလည်ကျွမ်းဝင်မှုအဖြစ်လည်း ပုံဖော်လျက်ရှိပေသည်။
မကြာမီကျင်းပမည့် အရှေ့တောင်အာရှ (SEA) အားကစားပြိုင်ပွဲအတွက် လက်ရှိ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် အုပ်ချုပ်နည်းပြဖြစ်သော ဒေါ်အေးသစ္စာမြင့်သည် ၂၀၀၃ ခုနှစ်က ရန်ကုန်မြို့တွင် ကလေးဘဝအရွယ်ကတည်းက မမျှော်လင့်ဘဲ ဤခရီးကို အစပြုလာခဲ့ခြင်းဖြစ်သည်။
“ဝူရှူးနဲ့ စပြီးမြင်တွေ့ရတာက ၂၀၀၃ ခုနှစ်ကပါ။ အစကတော့ ဝူရှူးဆိုတာဘာလဲ မသိခဲ့ဘူး။ ကလေးတွေလေ့ကျင့်နေကြတာ မြင်နေရင်းနဲ့ စိတ်ဝင်စားလာခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဒေါ်အေးသစ္စာမြင့်၏ အစောပိုင်းကာလလေ့ကျင့်မှုများမှာ ခက်ခဲမှုနှင့် စိတ်ခံစားမှုများ ရှိခဲ့သည်။ ကလေးအရွယ်က ၎င်းသည် တစ်ခါတရံလေ့ကျင့်စဉ် အတိုက်အခံလုပ်ခဲ့ရသလို နည်းပြ၏ အားပေးပံ့ပိုးမှုများ မရရှိမီက ငိုကြွေးခဲ့ရသည်လည်း ရှိကြောင်း ၎င်းက ပြန်လည်ပြောပြခဲ့သည်။
လေ့ကျင့်ခန်းများ လုပ်ဆောင်ရသည့် အခြေအနေများမှာ ရံဖန်ရံခါ ကြုံသလိုလေ့ကျင့်ခဲ့ကြရသည်ဟု ဆိုသည်။ “ကျွန်မတို့က အပြင်ဘက်မှာ လေ့ကျင့်ရတာရှိသလို ညဘက်တွေမှာလည်း လေ့ကျင့်ခဲ့ရတယ်။ မိုးရွာတဲ့အခါကျရင် အမျိုးသားအားကစားရုံ ၁ လှေကားတွေအောက်မှာ ကားမီးတွေထိုးပြီးတော့ လေ့ကျင့်ခဲ့ရတာလည်းရှိတယ်။ ဒါတွေက အမှတ်တရပဲရှင့်” ဟု ဒေါ်အေးသစ္စာမြင့်က ပြောသည်။
“အစပိုင်းတုန်းကတော့ ကျွန်မက မလေ့ကျင့်ချင်ဘူး။ ဒါပေမဲ့ နည်းပြကလည်း အားပေးတယ်။ နောက်ပိုင်းမှာတော့ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားပြီး ကစားလာခဲ့တာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဒေါ်အေးသစ္စာမြင့်သည် ဆီးဂိမ်းစ် (SEA Games) ပြိုင်ပွဲပြင်ဆင်ရေးအတွက် သုံးလကြာ ပူးတွဲလေ့ကျင့်ရန် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်သို့ သွားရောက်ခဲ့သည်။
“မြန်မာနိုင်ငံမှာကျတော့ ကျွန်မတို့က တော်တော်လေးကို လေ့ကျင့်ထားပြီးသားဖြစ်နေပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တရုတ်နိုင်ငံလည်းရောက်သွားရော သူတို့က အပြင်းအထန် လေ့ကျင့်နေကြတာကို မြင်တွေ့ခဲ့ရတယ်။ တော်တော်လေးကို အထင်ကြီးအားကျခဲ့ရတယ်”ဟု ၎င်းက ပြန်လည်အောက်မေ့ပြောပြခဲ့သည်။
တရုတ်နည်းပြများက ပိုမိုမြင့်မား၍ ခက်ခဲသော အဆင့်များကို သတ်မှတ်ပေးခဲ့ကာ လေ့ကျင့်ရာ၌လည်း တောင်းဆိုမှု ပိုမိုများပြားခဲ့ကြောင်း၊ ၎င်း၏အမြင်မှာလည်း ပိုမိုကျယ်ပြန့်လာကာ နည်းပြကလည်း ၎င်းအား အဆင့်မြင့်နည်းဗျူဟာပိုင်းနှင့် နည်းပညာပိုင်းတွင် အသေးစိတ် လေ့ကျင့်ပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောခဲ့သည်။ ထိုသို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီးနောက် ယင်းနှစ်မှာပင် ဆီးဂိမ်းစ် ရွှေတံဆိပ် နှစ်ဆု ဆွတ်ခူးနိုင်ခဲ့သည်ဟု ဒေါ်အေးသစ္စာမြင့်က ဆိုသည်။
ဝူရှူးအားကစားသည် လေ့ကျင့်မှုသာဖြစ်သော်လည်း ယင်းမှာ ဧကန်စင်စစ်တွင်မူ နက်ရှိုင်းသော ကူးလူးဖလှယ်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ပေါင်းစပ်ပါဝင်သည်။ “ဝူရှူးက နှစ်နိုင်ငံပြည်သူတွေရဲ့ စိတ်ခံစားမှုတွေကို ချိတ်ဆက်ပေးပါတယ်” ဟု မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ Li Bobo က ပြောကြားခဲ့သည်။
ဒေါ်အေးသစ္စာမြင့်က တရုတ်နိုင်ငံတွင်ရှိစဉ် အမှတ်တရများကိုလည်း ၎င်း၏ လူငယ်သင်တန်းသားများနှင့်အတူ မကြာခဏမျှဝေလေ့ရှိသည်။ တရုတ်နိုင်ငံတွင် နေထိုင်ခဲ့စဉ်က အစားအစာများအကြောင်း၊ တရုတ်နိုင်ငံတွင် အပြင်းအထန်လေ့ကျင့်ခဲ့ရမှုများ စသည်တို့ကို ပြောပြလေ့ရှိသလို သင်တန်းသားများအနေဖြင့် ကမ္ဘာကြီးကို အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ကြရန်လည်း ပြောကြားခဲ့သည်။ တစ်ချိန်တစ်ခါက ၎င်းအား လေ့ကျင့်ပေးခဲ့သည့် တရုတ်နည်းပြများ၏ နည်းလမ်းကောင်းများကို အသုံးပြုကာ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုကိုလည်း ဒေါ်အေးသစ္စာမြင့်က ပုံဖော်ပေးလျက်ရှိသည်။
ဒေါ်အေးသစ္စာမြင့်၏ သင်တန်းသားတစ်ဦးဖြစ်ပြီး တောင်တန်းဒေသ ကချင်ပြည်နယ်မှ လာရောက်သည့် အသက် ၂၁ နှစ်အရွယ် မခိုင်စန္ဒာစိုးက ၎င်း၏ ပြောင်းလဲလာမှုကို ပြန်လည်ပြောပြခဲ့သည်။
“အရင်ကဆို ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခဲ့တယ်။ ဆရာမတွေကို သေသေချာချာတောင် မကြည့်ရဲခဲ့ဘူး။ ပြိုင်ပွဲအတွင်းမှာလည်း အမြဲခေါင်းပဲငုံ့ထားတာ။ အခုဆိုရင် ဝူရှူးလေ့ကျင့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်းပြန်လည်ရရှိလာပါပြီ” ဟု မခိုင်စန္ဒာစိုးက ဆိုသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးမှ အသက် ၂၁ နှစ်အရွယ် စောထွန်းနိုင်ကလည်း ၎င်း၏ စိတ်အားထက်သန်မှုကို မျှဝေပြောပြခဲ့သည်။ “ကျွန်တော်က အမြဲအားနည်းလေ့ရှိတယ်။ အခုဆိုရင်တော့ ကြံ့ခိုင်လာပါပြီ။ ကျွန်တော့်နည်းပြရဲ့ တရုတ်နိုင်ငံက အတွေ့အကြုံကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်တော်ကိုယ်တိုင်လည်း တရုတ်နိုင်ငံသွားချင်လာတယ်။ ကျွန်တော် တရုတ်နိုင်ငံကို သွားခွင့်ရမယ်ဆိုရင် အဲဒီက အားကစားသမားတွေနဲ့ ကိုယ်ခံပညာစွမ်းရည်ကို ဖလှယ်ချင်ဆုံးပါပဲ” ဟု ၎င်းက ပြောသည်။
ဒေါ်အေးသစ္စာမြင့်က “သူတို့လေးတွေအနေနဲ့ ဝူရှူးအားကစား အခြေခံစတင်ခဲ့တဲ့နေရာကို သွားရောက်ပြီးတော့ အားကစားဖလှယ်တာတွေ လုပ်ခွင့်ရဖို့ ကျွန်မ လေးလေးနက်နက် မျှော်လင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း တရုတ်နိုင်ငံမှာ သွားရောက်လေ့လာခွင့်ရခဲ့လို့သာ ဒီကနေ့လို အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေ့ကျင့်ရေးပြုလုပ်နေသော မြန်မာနိုင်ငံ အမျိုးသားဝူရှူးအဖွဲ့မှ အားကစားသမားတစ်ဦးကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေ့ကျင့်ရေးပြုလုပ်နေသော မြန်မာနိုင်ငံ အမျိုးသားဝူရှူးအဖွဲ့မှ အားကစားသမားတစ်ဦးကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် 

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေ့ကျင့်ရေးပြုလုပ်နေသော မြန်မာနိုင်ငံ အမျိုးသားဝူရှူးအဖွဲ့မှ အားကစားသမားများကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ်