မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းအပေါ် တရုတ်နိုင်ငံ ထောက်ခံ

Xinhua,    June 25, 2026
Size:

ကုလသမဂ္ဂလုံခြုံရေးကောင်စီ မေလ အလှည့်ကျဥက္ကဋ္ဌ တရုတ်နိုင်ငံ၏ အဆိုပြုချက်ဖြင့် ကျင်းပသော “ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကုလသမဂ္ဂ ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို အားဖြည့်ခြင်း” အဆင့်မြင့်အစည်းအဝေးအား ၂၀၂၆ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ခိုင်မြဲစွာ ထောက်ခံအားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဇွန် ၁၉ ရက် ကုလသမဂ္ဂညီလာခံ မြန်မာနိုင်ငံအရေး အလွတ်သဘောအစည်းအဝေးတွင် ပြောကြားခဲ့သည်။စွန်းလေက ယခုနှစ်အတွင်း မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပခဲ့ရာ အစိုးရအသစ် အဆင်ပြေချောမွေ့စွာ တာဝန်ယူစီမံအုပ်ချုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ ပြည်သူလူထုထောက်ခံမှုရရှိသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းအပေါ် အခိုင်အမာထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေပိုင်နက် ပြည့်စုံမှုနှင့် အမျိုးသားရေးဂုဏ်သိက္ခာအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ခိုင်မာစွာ ထောက်ခံသလို မြန်မာနိုင်ငံက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူမှုအသိုက်အဝန်း သင့်မြတ်ရေး၊ ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်မှုအပေါ် ခိုင်မာစွာ ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံမိသားစုကြီး၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို နိုင်ငံတကာ အသိုက်အဝန်း၏ တန်းတူအခွင့်အရေးရှိသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ယန္တရားများနှင့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဘက်စုံ၊ တန်းတူညီမျှမှုနှင့် အပြုသဘောဆောင်မှုရှိစွာ ပါဝင်ပြီး ၎င်း၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံအရေးတွင် အာဆီယံက “အာဆီယံနည်းလမ်း” ဖြင့် ပိုမိုကြီးမားသောအခန်းကဏ္ဍမှပါဝင်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဆီယံနှင့်တကွ ဒေသတွင်းနိုင်ငံများနှင့်အတူ ရည်ရွယ်ချက်တူ လျှောက်လှမ်းကာ မြန်မာနိုင်ငံနှင့် အပြုသဘောထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ပြီး လက်ရှိအပြုသဘောဆောင်သည့်အရှိန်ကို ခိုင်မာစေရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင် တည်ဆောက်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် စီးပွားရေးပြန်လည်ကောင်းမွန်စေရေး၊ ပြည်သူ့လူနေမှုဘဝ ကောင်းမွန်လာရေးသည် မြန်မာနိုင်ငံ ပြည်သူများ၏ ပြင်းပြသည့်သဘောဆန္ဒဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငလျင်ကြီးအလွန် ပြန်လည်တည်ဆောက်ရေးနှင့် လူမှုစီးပွားတိုးတက်ရေးကို တက်ကြွစွာ အားပေးသွားမည်ဖြစ်ပြီး လက်လှမ်းမီသည့်အကူအညီများကို အတတ်နိုင်ဆုံး ပိုမို ပံ့ပိုးသွားလိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကူညီသည့်လက်များကို ဆက်လက်ကမ်းလှမ်းပေးပြီး မြန်မာနိုင်ငံ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းရေးကို ဖေးမပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူလူထု၏ အနေအထားကို အထူးဂရုပြုကြောင်း၊ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူလူထုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နှစ်ပေါင်းများစွာ တစ်တပ်တစ်အားကူညီပေးမှုအား တန်ဖိုးထားချီးကျူးပါကြောင်း စွန်းလေက ပြောကြားခဲ့သည်။ ထွက်ပြေးတိမ်းရှောင်ပြည်သူလူထု နေရပ်ပြန်နိုင်ရေးမှာ အခြေခံအားဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် တစ်ဆင့်ချင်း ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံသည် အစဉ်တစ်စိုက် တက်ကြွစွာ ကြားဝင်ညှိနှိုင်းပေးလျက်ရှိသလို နှစ်နိုင်ငံအတွက်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အသုတ်ပေါင်းများစွာ ပံ့ပိုးပြီး အရေးကြီးသဘောတူညီချက်များ ရရှိအောင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စိတ်ရှည်သည်းခံမှုရှိသင့်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်မြှင့်တင်ခြင်းကို ထောက်ခံအားပေးကာ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရေးအတွက် အထောက်အကူပြုနိုင်သည့်အခြေအနေများ စုစည်းလျက် ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုအခြေခံပေါ်တွင် လူ့အခွင့်အရေးကိစ္စရပ်အား ပူးပေါင်းဖလှယ်ဆောင်ရွက်ရန် အစဉ်တစိုက် အဆိုပြုထားပြီး လူ့အခွင့်အရေး နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ကိရိယာအသွင်ပြောင်းခြင်းနှင့် စံနှုန်းနှစ်မျိုးထားရှိခြင်းကို ဆန့်ကျင်သလို လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံပြည်တွင်းရေးအား စွက်ဖက်ခြင်းကိုလည်း ဆန့်ကျင်ကြောင်း စွန်းလေက အလေးထားပြောကြားခဲ့သည်။