
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နဂါးလှေလှော်ပြိုင်ပွဲတော် ယဉ်ကျေးမှုပြပွဲ၌ အနုပညာရှင်များ၏ တင်ဆက်မှုကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နဂါးလှေလှော်ပြိုင်ပွဲတော် အထိမ်းအမှတ် ယဉ်ကျေးမှုပြပွဲကို ဇွန် ၁၉ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ တက္ကသိုလ်များနှင့် တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ လူဦးရေ ၂၀၀ ခန့် အတူတကွ ပါဝင်တက်ရောက်ခဲ့ကြသည်။အဆိုပါအခမ်းအနားက လာရောက်သူများအတွက် ကောက်ညှင်းထုပ် ထုပ်ခြင်း၊ လက်ရေးလှရေးခြင်း၊ ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မှုများ အပါအဝင် တရုတ်ရိုးရာဓလေ့များ၊ ပဟေဠိ အမေးအဖြေများ စသည့် အစီအစဉ်များကို တွေ့ကြုံခံစားနိုင်ရန် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သလို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ချစ်ကြည်ရင်းနှီးမှုကိုလည်း မြှင့်တင်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နဂါးလှေလှော်ပြိုင်ပွဲတော် ယဉ်ကျေးမှုပြပွဲသို့ လာရောက်ကြသူများအား ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ်
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှု ချိတ်ဆက်ခြင်းကို အလေးထားပြောခဲ့သည်။ “ဒီအခမ်းအနားကို တက်ရောက်ရတာ ကျွန်တော် တော်တော်လေးကျေနပ်ပီတိဖြစ်ရပါတယ်။ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ လှုပ်ရှားမှုအစီအစဉ်တွေကနေတစ်ဆင့် ကျွန်တော်တို့ ယဉ်ကျေးမှုတွေ ဘယ်လိုမျိုး ချိတ်ဆက်မှုရှိနေသလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရိုးရာလှေပွဲတော်တွေရှိပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုတွေကြားမှာ တူညီမှုရှိတာတွေကို ဖော်ပြနေပါတယ်” ဟု ၎င်းက ဆိုသည်။ပါဝင်တက်ရောက်သူ လူငယ်များကလည်း တရုတ်ယဉ်ကျေးမှုအကြောင်း ပိုမိုလေ့လာနိုင်မည့် အခွင့်အလမ်းအဖြစ်လည်း ကြိုဆိုကြကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် မဝေစိုင်းသီက တရုတ်ရိုးရာဓလေ့များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားလိုသည့်အတွက် ယခုအခမ်းအနား၌ ပါဝင်ရခြင်းဖြစ်ကြောင်း သိရသည်။ “အသက် ၁၃ နှစ်အရွယ်ကတည်းက တရုတ်စာကို လေ့လာခဲ့တယ်။ ဒီလိုပွဲမျိုးတွေကတစ်ဆင့် သူငယ်ချင်းမိတ်ဆွေတွေ ဖွဲ့နိုင်သလို တရုတ်ယဉ်ကျေးမှုအကြောင်းကိုလည်း ပိုပြီး ကောင်းကောင်းနားလည်ခဲ့ရတယ်။ အခွင့်အရေးရခဲ့မယ်ဆိုရင်တော့ အနာဂတ်မှာ တရုတ်နိုင်ငံကို သွားရောက်ပြီး သူတို့ရဲ့ အဆင့်မြင့်နည်းပညာတွေအကြောင်း ပိုမိုလေ့လာချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအခမ်းအနား၌ မြန်မာအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သူ အသက် ၂၄ နှစ်အရွယ် မခိုင်သဇင်ထွန်းက ၎င်းအနေဖြင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိသည်ဟု ပြောပြခဲ့သည်။ “ဒီပွဲမှာ ကျွန်မအနှစ်သက်ဆုံးကတော့ တရုတ်လက်ရေးလှရေးရတာပါပဲ။ တရုတ်စာလုံးတွေကို စုတ်တံနဲ့ ပထမဆုံး ရေးဖူးတာပါပဲ၊ တကယ့်ကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ်” ဟု ၎င်းက ဆိုသည်။ “မြန်မာနဲ့ တရုတ် နှစ်နိုင်ငံလုံးမှာ ကောက်ညှင်းနဲ့ပြုလုပ်တဲ့ စားစရာတွေရှိတယ်။ ပြင်ဆင်ပုံချင်းတော့ မတူဘူးပေါ့လေ။ ကျွန်မကတော့ နှစ်မျိုးလုံးကြိုက်တယ်။ အခုလိုမျိုး ယဉ်ကျေးမှုဖလှယ်ပွဲတွေက လူတွေကို တစ်နိုင်ငံရဲ့ ရိုးရာဓလေ့တွေကို အပြန်အလှန် နားလည် တန်ဖိုးထားတတ်စေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် မသံစဉ်လင်းက သူငယ်ချင်းများ၏ ဖိတ်ကြားမှုဖြင့် ယခုအခမ်းအနားပွဲသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း အလွန်ကျေနပ်ဖွယ်အတွေ့အကြုံရရှိခဲ့ကြောင်း ပြောပြခဲ့သည်။“ကျွန်မ တရုတ်စာကို လေ့လာနေသလို အဲဒီယဉ်ကျေးမှုနဲ့ ပိုပြီးတော့ လိုက်လျောညီထွေဖြစ်လာအောင်လို့ ယဉ်ကျေးမှုပြပွဲတွေမှာလည်း ပါဝင်ဖြစ်ပါတယ်။ ဒါက ပြည်သူတွေအနေနဲ့ ရိုးရာပွဲတွေကို ဘယ်လိုမျိုးဆင်နွှဲကြသလဲဆိုတာကို နားလည်စေဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီအခမ်းအနားပွဲက ပျော်စရာလည်းကောင်းသလို ပညာလည်းရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ယဉ်ကျေးမှုပြပွဲ တက်ရောက်လာသူ နောက်ထပ်တစ်ဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ကိုစစ်ပိုင်ကလည်း ဘာသာစကားလေ့လာသင်ယူခြင်းဖြင့် ယဉ်ကျေးမှုကို နားလည်သဘောပေါက်ရန် လက်ချင်းတွဲလျက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောသည်။“တရုတ်စာလေ့လာနေသူတွေ အများကြီး ဒီပွဲကို လာတက်ကြတယ်။ ဘာသာစကားနဲ့အတူ ယဉ်ကျေးမှုအကြောင်း လေ့လာခြင်းဟာ ဘာသာစကားရဲ့ နောက်ကွယ်က ရိုးရာဓလေ့တွေနဲ့ သမိုင်းကြောင်းကို နားလည်သဘောပေါက်စေဖို့ အထောက်အကူပြုပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီလိုမျိုးပွဲတွေက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားက ချစ်ကြည်ရင်းနှီးမှု ရှင်သန်တိုးတက်ခြင်းကို ရောင်ပြန်ဟပ်တာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှေက်ရေးအဖွဲ့မှ မပွင့်ဖြူတင်ထွဋ်က ယဉ်ကျေးမှုပြပွဲမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အဓိပ္ပာယ်ပြည့်ဝသော သင်ခန်းစာများ ဆောင်ကြဉ်းပေးသည်ဟု ဆိုသည်။“နဂါးလှေလှော်ပြိုင်ပွဲတော်မှာ တင်ဆင်ပြသမှုတွေကို ကြည့်ရှုပြီးတဲ့နောက် သူ့ရဲ့ သမိုင်းကြောင်းကို ပိုပြီးသိရှိခဲ့ရတယ်။ တရုတ်ရိုးရာဓလေ့အများစုက နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေရှိပြီးတော့ ဒီယဉ်ကျေးမှုတန်ဖိုးတွေကို သိရှိရခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူတွေကို ပိုပြီးနီးကပ်လာအောင်လည်း ဆောင်ကြဉ်းပေးပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ထို့ပြင် ၎င်းက ဆက်၍ “ဒီယဉ်ကျေးမှုပြပွဲက တက်ရောက်လာသူတွေကို တရုတ်ယဉ်ကျေးမှုပဲ မိတ်ဆက်ပေးတာမဟုတ်ဘဲ ပြည်သူအချင်းချင်း ချိတ်ဆက်မှုတွေ အားကောင်းဖို့၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက အပြန်အလှန်နားလည်မှုတွေကို နက်နက်ရှိုင်းရှိုင်းရှိစေဖို့အတွက်လည်း ပေါင်းကူးအဖြစ် ဆောင်ရွက်ပေးပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
နဂါးလှေလှော်ပြိုင်ပွဲတော် အထိမ်းအမှတ် ယဉ်ကျေးမှုပြပွဲတွင် လက်မှုအနုပညာပြခန်းများ၊ စားသောက်ဖွယ်ရာများ မြည်းစမ်းခြင်း၊ ပျော်ရွှင်ဖွယ် ဂိမ်းကစားပွဲများအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံ အစီအစဉ်အမျိုးမျိုး ပါဝင်ခဲ့သည်။
ထို့ပြင် အဆိုပါ ပွဲအခမ်းအနား၌ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ လက်ရေးလှဖလှယ်မှုများ၊ လက်ဖက်ရည်အခမ်းအနားများနှင့် နည်းပညာပြသမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။