မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရို၏ သီးသန့်မေးမြန်းမှုကို ပြန်လည်ဖြေကြား

Xinhua,    June 16, 2026
Size:

တရုတ်သံအမတ်ကြီး Ms. Ma Jia က နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရို၏ သီးသန့်မေးမြန်းမှုပြုလုပ်စဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Ms. Ma Jia က နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရို၏ သီးသန့်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

မေးခွန်း (၁) ။ ။ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်ကို ဇွန်လ ၈ ရက်တွင် ဖွင့်ပွဲကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် တရုတ်ရုပ်ရှင်သီတင်းပတ်ကို ကျင်းပခြင်းရဲ့ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို ရှင်းပြပေးပါရှင်။

သံအမတ်ကြီး Ms. Ma Jia ။ ။ လွန်ခဲ့တဲ့ (၇၆) နှစ်ရဲ့ ဒီလိုနေ့မှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ ၇၆ နှစ်တာ ကာလအတွင်းမှာ နိုင်ငံတကာအခြေအနေများ ဘယ်လိုပဲပြောင်းလဲပါစေ နှစ်နိုင်ငံစလုံးက အပြန်အလှန်လေးစားခြင်းနဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်ခြင်းဟူသော အတူယှဉ်တွဲ နေထိုင်ရေးလမ်းစဉ်ကို အစဉ်တစိုက် ကိုင်စွဲထားခဲ့ကြပါတယ်။ ကျွန်မတို့က ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ ကျင်းပဖို့ အထူးရွေးချယ်ခဲ့ခြင်းမှာ နှစ်နိုင်ငံအကြား (၇၆) နှစ်တိုင်တိုင် သာတူညီမျှ အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြတဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဂုဏ်ပြုတာဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ရုပ်ရှင်ဖန်သားပြင်ရဲ့ အတွင်းအပြင်တို့မှာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားနိုင်ရန် မျှော်လင့်ပါတယ်။
ရုပ်ရှင်ဆိုတာက နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ အများသုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှစ၍ ကျွန်မတို့က မြန်မာနိုင်ငံမှာ တရုတ်ရုပ်ရှင်သီတင်းပတ်ကို (၈) ကြိမ်တိုင်တိုင် မပျက်မကွက် ကျင်းပလာခဲ့ခြင်းမှာ သက်ဝင်လှုပ်ရှားသော ကင်မရာမြင်ကွင်းများနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းပုံပြင်များမှတစ်ဆင့် တရုတ်ပြည်သူများရဲ့ လူနေမှုဘဝနဲ့ တရုတ်လူမှုအဖွဲ့အစည်းရဲ့ ပြောင်းလဲတိုးတက်မှုများကို ဖော်ပြပေးရန်ဖြစ်ပြီး အားလုံးကို စစ်မှန်ပြီး၊ ရုပ်လုံးပေါ်ကာ ကဏ္ဍစုံလင်တဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကိုတင်ဆက်ပြသလိုခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား အတားအဆီးနဲ့ နားလည်မှုလွဲမှားခြင်းများကိုဖယ်ရှားကာ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပြီး နှစ်နိုင်ငံပြည်သူများအား စိတ်ချင်းဆက်နွှယ်မှုမှတစ်ဆင့် အပြန်အလှန် သိရှိနားလည်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်းနှင့် ပေါင်းစည်းခြင်းတို့ကို ဖော်ဆောင်ပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် ရေရှည်နက်ရှိုင်းတဲ့ လူမှုယဉ်ကျေးမှုအင်အားစုများကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ပါတယ်။
ယခုအကြိမ် ရုပ်ရှင်သီတင်းပတ်မှာ အထူးရေပန်းစား လူကြိုက်များတဲ့ တရုတ်ရုပ်ရှင်လက်ရာကောင်း (၇) ကားကို ကျွန်မတို့ အထူးရွေးချယ်ထားပါတယ်။ ရုပ်ရှင်အမျိုးအစားများ မတူညီကြသော်လည်း ရုပ်ရှင်အားလုံးက စစ်မှန်တဲ့မိသားစုသံယောဇဉ်၊ ခိုင်မာတဲ့ အိပ်မက်များ၊ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများနဲ့ တရားမျှတမှုအပေါ် ရပ်တည်ချက်၊ လှပတဲ့ဘဝဆီသို့လျှောက်လှမ်းပုံများကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ စိတ်နှလုံးချင်းဆက်နွှယ်ပေးမယ့် ဤရုပ်ရှင်ဇာတ်ကားကောင်း (၇) ကားမှတစ်ဆင့် မြန်မာပရိသတ်များအတွက် စိတ်လှုပ်ရှားကြည်နူးမှု၊ အတွေးအမြင်သစ်များနဲ့ ခွန်အားများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေးခွန်း (၂) ။ ။ မြန်မာနိုင်ငံက “Belt and Road” အတူတကွ တည်ဆောက်ခြင်း စတဲ့ အဓိက အဆိုပြုချက်များမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး နက်ရှိုင်းစေရန်၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေတဲ့နောက်ခံမှာ ရုပ်ရှင်သီတင်းပတ်က ဘယ်အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ယူဆပါသလဲရှင်။
သံအမတ်ကြီး Ms. Ma Jia ။ ။ “Belt and Road” အား အတူတကွပူးပေါင်းတည်ဆောက်ရေး အဆိုပြုချက်က အပြန်အလှန် ပေါင်းစည်းဆက်နွှယ်မှုကို အဓိကလမ်းကြောင်း အဖြစ်ထားရှိပြီး နိုင်ငံအသီးသီးနဲ့အတူ မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှု၊ အခြေခံ အဆောက်အအုံချိတ်ဆက်မှု၊ ကုန်သွယ်မှုအဆင်ပြေချောမွေ့မှု၊ မတည်ရင်းနှီးငွေစီးဆင်းမှုနဲ့ ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုတို့ကို အားကောင်းအောင်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါတယ်။ “Belt and Road” ကို အတူတကွ ပူးပေါင်းတည်ဆောက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင် အစရှိတဲ့ ကဏ္ဍများမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်ဆံဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေခဲ့ပြီး မြန်မာပြည်သူများအတွက် လက်တွေ့ကျတဲ့ လူမှုစီးပွား အကျိုးကျေးဇူးများနဲ့ သုခချမ်းသာများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။
ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုက “Belt and Road” တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ရုပ်ရှင်သီတင်းပတ် ကျင်းပခြင်းက နှစ်နိုင်ငံပြည်သူများရဲ့ စိတ်နှလုံးကို ပိုမိုနီးကပ်စေရန် အထောက်အကူပြုပြီး တရုတ်-မြန်မာ ကဏ္ဍစုံ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပိုမိုပွင့်လင်းမြင်သာပြီး တံခါးဖွင့်လှစ်ကာ ချစ်ကြည်ရင်းနှီး၍ အားလုံးပါဝင်နိုင်တဲ့ ပြည်သူ့သဘောထားပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့က မြန်မာမိတ်ဆွေများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ကြရန်၊ တရုတ်နိုင်ငံရဲ့ ဒေသန္တရ ဓလေ့ထုံးတမ်းများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားပြီး တရုတ်ပုံစံ ခေတ်မီဆန်းသစ်မှုရဲ့ ထောင်သောင်းမကသော တိုးတက် ပြောင်းလဲမှု အသွင်သဏ္ဌာန်များကို ခံစားကြည့်ရှုကြရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ် ကြိုဆိုအပ်ပါတယ်။

မေးခွန်း (၃) ။ ။ ရုပ်ရှင်သီတင်းပတ်က တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးစီမံကိန်းထဲကတစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာ ယဉ်ကျေးမှုအစီအစဉ်ကို ဘယ်လိုပုံစံမျိုးနဲ့ထပ်မံတွေ့မြင်ရနိုင်မလဲရှင်။

သံအမတ်ကြီး Ms. Ma Jia ။ ။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာ လူမှုယဉ်ကျေးမှုဖလှယ်ရေးမှာ အလွန်တောက်ပတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကို အစဉ်တစိုက် အလေးအနက်ထားရှိပြီး တရုတ်ရိုးရာပွဲတော်များ၊ တရုတ်ဇာတ်သဘင်အော်ပရာဖျော်ဖြေပွဲများ၊ “Chinese Bridge” တရုတ်ဘာသာစကားပြိုင်ပွဲများ၊ လန်ချန်း-မဲခေါင် ဗီဒီယိုတိုပြိုင်ပွဲများနဲ့ “ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ—တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များစုစည်းမှု” စာမူဖိတ်ခေါ်ခြင်း အစရှိတဲ့ ထင်ရှားပြီးသက်ဝင်လှုပ်ရှားတဲ့ အစီအစဉ်များကို ဆက်တိုက်ကျင်းပခဲ့ရာ မြန်မာပြည်သူများရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာနဲ့ ရိုးရာဓလေ့ထုံးတမ်းများ၊ အထူးသဖြင့် ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် လှုပ်ရှားမှုများလည်း ကျွန်မတို့ကို နက်ရှိုင်းစွာအမှတ်တရကောင်းများ ရရှိစေခဲ့ပါတယ်။
နောင်အနာဂတ်မှာ ကျွန်မတို့က ယဉ်ကျေးမှုဖလှယ်ရေးရဲ့ အတိုင်းအတာနဲ့ နက်ရှိုင်းမှုကို စဉ်ဆက်မပြတ် ဆက်လက်တိုးချဲ့သွားရန် ဆန္ဒရှိပါတယ်။ ကျွန်မတို့က တရုတ်ရုပ်ရှင်သီတင်းပတ်ကို ကောင်းမွန်စွာ ဆက်လက်ကျင်းပသွားမယ့်အပြင် ပိုမိုကောင်းမွန်တဲ့ တရုတ်ဇာတ်လမ်းတွဲများကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့အတူ မှတ်တမ်းတင်ရုပ်ရှင်များနဲ့ အထူးအစီအစဉ်များကို ပိုမိုပူးတွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။ ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးဆိုင်ရာခံစားမှုများ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစရှိသည့် နယ်ပယ်များမှာလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့က တရုတ်အနုပညာ အဖွဲ့အစည်းများကို မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် ပိုမိုတွန်းအားပေးသွားမှာဖြစ်ပြီး မြန်မာအနုပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်ဖလှယ်ကြရန်လည်း ကြိုဆိုပါတယ်။ ယခုကဲ့သို့ ယဉ်ကျေးမှု ဖလှယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုတိုးပွားစေရန်နဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်အတွက် စင်မြင့်ပလက်ဖောင်းများကို ပံ့ပိုးဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။