
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွဖော်ဆောင်မှုမျှဝေခြင်း အခမ်းအနား၌ အခမ်းအနား တက်ရောက်သူတစ်ဦး ရှင်းလင်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ်
မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း အတူတကွဖော်ဆောင်မှုမျှဝေခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဇွန် ၆ ရက်က ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားအား တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော င်ဒေးရှင်း၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကာ အခမ်းအနားသို့ နယ်ပယ်အသီးသီးမှ ဧည့်သည်တော် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနား၌ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် ပံ့ပိုးကူညီမှု အတွေ့အကြုံများကို မျှဝေခဲ့ကြရာ မြန်မာ-တရုတ် တူညီအနာဂတ် လူ့အဖွဲ့အစည်း ဖော်ဆောင်မှု ခိုင်မာအားကောင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေခဲ့သည်။အဆိုပါ ကိုယ်စားလှယ်များအနက် CITIC Myanmar မှ ကိုယ်စားလှယ်ဖြစ်သူ ကိုထက်အောင်လွင်က ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ဆု ပေးအပ်မှုများနှင့် ကယ်ဆယ်ရေးဆိုင်ရာ ကြိုးပမ်းမှုများ အပါအဝင် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ၎င်း၏အတွေ့အကြုံများကို မျှဝေခဲ့သည်

ကျောက်ဖြူ Mobile Clinic စီမံကိန်းသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဒေသခံ ၅,၀၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို “CITIC Star” ပညာသင်ဆု အစီအစဉ်သည်လည်း ကျောင်းသား/ကျောင်းသူ ၂၄၀ ခန့်ကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လက ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် CITIC Myanmar ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကိုလည်း ၎င်းက ပြန်ပြောင်းပြောဆိုခဲ့သည်။
ဆက်လက်၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှာ အပြောသက်သက်ဖြင့်သာ မဟုတ်ဘဲ လက်တွေ့အကူအညီပေးမှုနှင့် အပြန်အလှန် ဂရုစိုက်မှုတို့အပေါ် အခြေခံတည်ဆောက်ထားဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကာ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအပေါ် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သည်။
နောက်ထပ် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် Myanmar Texmall Group မှ မရွှေလှက အထည်အလိပ်နှင့် အဝတ်အထည် လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိကမောင်းနှင်အား ဖြစ်သည့်အလျောက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကာ နိုင်ငံခြားဝင်ငွေ ရရှိစေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် ကျွမ်းကျင်မှုတို့ကလည်း အဆိုပါ လုပ်ငန်းကဏ္ဍ တိုးတက်မှုအပေါ် သိသိသာသာ အထောက်အကူပြုလျက်ရှိသည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ မအိအိမွန်ကလည်း အဆိုပါအသင်းမှာ လွန်ခဲ့သော ၁၀ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် အပြန်အလှန် ကူးလူးဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို တက်တက်ကြွကြွ မြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန် လူမှုအကျိုးပြု စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မြန်မာ-တရုတ် ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဆောင်းပါးများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၅ ခုနှစ် မတ်လက ငလျင်လှုပ်ခတ်ခဲ့သည့် ကာလတို့တွင်လည်း အကူအညီများ ပေးအပ်ခဲ့သည်ဟု ၎င်းက ပြောသည်။အဆိုပါ အခမ်းအနားအား ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများဖြင့် ပိတ်သိမ်းခဲ့ကာ ကိုယ်စားလှယ်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။