“၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်” ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ

CGTN,    June 09, 2026
Size:

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လည်ကောင်း၊ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံမှ ရလဒ်ကောင်းများ ပိုမိုဖြစ်ထွန်းလာစေရန် အတွက်လည်းကောင်း “၂ဝ၂၆ ခုနှစ် တရုတ်ရုပ်ရှင် သီတင်းပတ်” ကို ဇွန်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံ နေပြည်တော် ရှိ J Cineplex(City Mall - Ottarathiri)ရုပ်ရှင်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ ယခုအကြိမ်လှုပ်ရှားမှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နှင့် China Media Group (CMG) တို့မှ ပူးပေါင်း ကြီးမှူးကျင်းပပြီး Foreign Affairs Film and Media Corporation မှ ပံ့ပိုးကူညီထားပါသည်။ ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ ပညာရေး၊ မီဒီယာ နှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုက်အဝန်းမှ ကိုယ်စားလှယ်များ ငါးရာကျော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။ ရုပ်ရှင်သီတင်းပတ်မှာ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ခေတ်ကာလ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါရှိသော တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကားကို ပြသသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်မှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပသည့် ရုပ်ရှင် သီတင်းပတ်သည် ဖျော်ဖြေမှုသက်သက်သာမဟုတ်ဘဲ အိမ်နီးချင်းမြန်မာနှင့် တရုတ်နှစ်နိုင်ငံမှ ပြည်သူများ၏ စိတ်နှလုံးချင်းကို ပေါင်းစည်းစေရန်၊ ခံစားမှုရသချင်း နီးစပ်စေရန်နှင့် ရှေးယခင်ကတည်းက တည်ရှိခဲ့သော “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်တည်တံ့စေရန် ချိတ်ဆက်ပံ့ပိုးပေးမည့် ယဉ်ကျေးမှု ပေါင်းကူးတံတား တစ်စင်းလည်း ဖြစ်ကြောင်း၊ အနုပညာ၏ အစွမ်းနှင့် နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးချင်း ပေါင်းစည်းပြီး သမိုင်းဝင်ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို မျိုးဆက်သစ်များအထိ တိုင်အောင် အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေမည်ဟု ယုံကြည်မိပါကြောင်း၊ ယခုလို နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထားရှိသည့် (၇၆) နှစ်မြောက် အခါသမယတွင် မိမိတို့နှစ်နိုင်ငံ၏ ပြည်သူများအတွက် ရေရှည်တည်တံ့သော ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ် အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia မှ အမှာစကားပြောကြားရာ၌ ရုပ်ရှင်သည် အချိန်များကို ထည့်သွင်းထားသည့် ဘူးတစ်ဘူး ဖြစ်သကဲ့သို့ သံယောဇဉ်များကို ချိတ်ဆက်ပေးသည့် နှောင်ကြိုး လည်း ဖြစ်ကြောင်း၊ “တရုတ်ရုပ်ရှင်သီတင်းပတ်” မှတစ်ဆင့် မြန်မာပရိသတ်များ အနေဖြင့် စစ်မှန်ပြီး ဘက်စုံ စုံလင်သော တရုတ်နိုင်ငံကို သိရှိနားလည်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာမိတ်ဆွေများ တရုတ်နိုင်ငံသို့ မကြာခဏ လာရောက်လည်ပတ်ကြရန်၊ တရုတ်နိုင်ငံ၏ ဓလေ့ ထုံးတမ်းများနှင့် ရိုးရာယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားနိုင်ရန်နှင့် တရုတ်လူမှုအဖွဲ့အစည်း၏ ပြောင်းလဲ တိုးတက်မှုများကို လေ့လာ သိရှိနိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ယခုလို ကူးလူးဆက်ဆံခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေပြီး နှစ်ဦးနှစ်ဖက် ပိုမို နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် အောင်မြင်မှုများကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရုပ်ရှင်ကို ကြားခံတံတားအဖြစ် အသုံးပြု၍ (၇၆) နှစ်တာ ကာလအတွင်း နက်ရှိုင်းလှသော ချစ်ကြည်ရေးကို ပြန်လည်အောက်မေ့သတိရပြီး ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် လူငယ် စသည့် ကဏ္ဍအသီးသီးမှ ကူးလူးဖလှယ်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် သိရှိနားလည်မှု၊ ရင်းနှီးကျွမ်းဝင်မှုနှင့် ပိုမိုနီးကပ်စွာပေါင်းစည်းမှုများကို မြှင့်တင်ပေးလျက် ပြည်သူချင်း စိတ်ချင်း ဆက်နွှယ်မှု ပေါင်းကူးတံတားများစွာကို ပိုမိုတည်ဆောက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ် ရုပ်ရှင်သီတင်းပတ်တွင် “မေတ္တာစမ်းရေ” (Lighting Up the Stars) ၊ “နတ်ဘုရားတို့ရဲ့ စစ်တလင်း” (Creation of the Gods I: Kingdom of Storms) ၊ “အိပ်မက်စေရာ” (Goodbye Mr. Loser) ၊ “သွေးချင်းသစ္စာ” (The Battle at Lake Changjin) ၊ “လေဟုန်ခွင်းတဲ့ဘဝ” (Pegasus 1) ၊ “ချန်အန်းမြို့က တော်ဝင်လိုင်ချီး” (The Lychee Road) နှင့် “သူမရဲ့ဘဝဇာတ်လမ်း” (Her Story) စသည့် ရုပ်ရှင်ဇာတ်ကား ၇ ကားကို ပြသသွားမည်ဖြစ်ပြီး အဆိုပါဇာတ်ကားများတွင် သမိုင်းနှင့်ယဉ်ကျေးမှု၊ လူမှုဘဝ၊ လူငယ်များကို စိတ်ခွန်အားဖြစ်စေခြင်း စသည့် အကြောင်းအရာများ စုံလင်စွာပါဝင်ကာ ရသစုံလင်လှပါသည်။ ရုပ်ရှင်သီတင်းပတ် ကျင်းပသည့်ကာလအတွင်း ရုပ်ရှင်ဇာတ်ကားများကို အခမဲ့ ပြသပေးသွားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် ရုပ်ရှင်ရုံသို့ တစ်ရက်ကြိုတင်လာရောက်၍ လက်မှတ်ထုတ်ယူနိုင်သည့်အပြင် Hotline ဖုန်းနံပါတ်သို့ ဆက်သွယ်၍ လည်း လက်မှတ်များကို ကြိုတင်စာရင်းပေး ရယူနိုင်ပါသည်။

မကြာသေးမီနှစ်ပိုင်းအတွင်း တရုတ်ရုပ်ရှင်သီတင်းပတ် လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၌ ကြိမ်ဖန်များစွာ ကျင်းပခဲ့ရာ နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးချင်း ဆက်နွယ်ပေးသည့် ခိုင်မာသော ပေါင်းကူးတံတားကို သွယ်တန်းပေးနိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံကို မြန်မာနိုင်ငံ၌ အခြေချ အမြစ်တွယ်လာစေရန် အားကောင်းစွာ တွန်းအားပေးနိုင်ခဲ့ကာ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက် ခွန်အားသစ်များ စဉ်ဆက်မပြတ် ဖြည့်သွင်းပေးနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင်လည်း တရုတ်နိုင်ငံမှ ကောင်းမွန်သော ရုပ်သံဇာတ်လမ်းတွဲများနှင့် မှတ်တမ်းရုပ်ရှင်များသည် လေဟာပြင် ရုပ်ရှင်ရုံများ၊ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ပြသခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် မြန်မာပြည်သူများ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပါသည်။ ဤဆောင်ရွက်ချက်များသည် ရုပ်သံကဏ္ဍတွင် နှစ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းလာစေပြီး အပြန်အလှန် သင်ယူလေ့လာရင်း နားလည်မှုများကို တိုးပွားစေကာ တရုတ်- မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် လူမှုယဉ်ကျေးမှုဆိုင်ရာ ခွန်အားတစ်ရပ်အဖြစ် အားဖြည့်ပံ့ပိုးပေးလျက်ရှိပါသည်။