တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

CGTN,    April 20, 2026
Size:

ဧပြီလ ၁၄ ရက်နေ့၊ ယနေ့သည် မြန်မာလူမျိုးတို့၏ အထင်ကရ နေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် (အကျနေ့) ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်သည် ရေပက်ဆော့ကစားရုံသာမက မြန်မာ လူမျိုးတို့၏ ချစ်စရာကောင်းသော ရိုးရာယဉ်ကျေးမှု၊ စေတနာနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ သင်္ကြန်ရေသည် အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးပြီး နှစ်သစ်ကို စိတ်သစ်လူသစ်ဖြင့် ကူးပြောင်းစေသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။ ယနေ့တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကြီးမှူး၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ စစ်သံမှူးဗိုလ်မှူးချုပ် ဇော်နိုင် ၊ တရုတ်နိုင်ငံရောက် မြန်မာကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် ၃၀၀ကျော် တက်ရောက်ခဲ့ကြပါသည်။   အခမ်းအနားတွင် သင်္ကြန်၏ သင်္ကေတများဖြစ်သော ရိုးရာအကအလှများ၊ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာတို့၏ စေတနာကို ဖော်ပြသည့် မုန့်လုံးရေပေါ်နှင့် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့အပြင် သပြေခက်ဖြင့် အတာရေ ပက်ဖျန်းခြင်းတို့ကို ရိုးရာမပျက် ကျင်းပခဲ့ပါသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် မြို့တော်၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ အစည်းအဝေးတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တရားဝင် အတည်ပြုကြေညာခဲ့ပြီးနောက်၊ ယခုနှစ်သင်္ကြန်သည် မြန်မာ လူမျိုးများသာမက နိုင်ငံတကာ မှပါ စိတ်ဝင်တစား ပါဝင်ဆင်နွှဲလာကြသည့် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ် ပွဲတော်တစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။