
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှင့်ကျစ်သည် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် တက်ရောက်ခဲ့ရာ ထိုနေ့တွင်ပင် သမ္မတ ဦးမင်းအောင်လှိုင်က ကျန်းရှင့်ကျစ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းရှင့်ကျစ်သည် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်၌ ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် တက်ရောက်ခဲ့သည်။ ထိုနေ့တွင်ပင် သမ္မတ ဦးမင်းအောင်လှိုင်က ကျန်းရှင့်ကျစ်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ကျန်းရှင့်ကျစ်က သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းစကားများအား ဦးမင်းအောင်လှိုင်ကို တစ်ဆင့်ပြောကြားခဲ့သည်။
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အဓွန့်ရှည်ကြာပြီး နှစ်ဖက် ရေရှည် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်ဖေးမကူညီခြင်းသည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း၏ နက်ရှိုင်းသောအနက်အဓိပ္ပာယ်ကို အပြည့်အဝ အထင်အရှားပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက မိမိနိုင်ငံ၏အခြေအနေနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံလူပုဂ္ဂိုလ်၊ စီမံကိန်းများ၏လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် လက်တွေ့အောင်မြင်မှုရလဒ်များ ပိုမိုရရှိရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဦးမင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖိန်ထံသို့ ရင်းနှီးစွာနှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းစကားများကို ကျန်းရှင့်ကျစ်မှတစ်ဆင့် ပြောကြားခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံဘက်က အဖိုးတန်သည့် အကူအညီများပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏လုံခြုံရေးနှင့်အကျိုးစီးပွားများကို အစွမ်းကုန်သေချာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ တရုတ်-မြန်မာ ဆိုးတူကောင်းဖက် အေးအတူ ပူအမျှ အသိုက်အဝန်းကို ခိုင်မာအောင်တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။