
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၊ ယူနန်ပြည်နယ် တယ်ဟုန်မြို့ ဆရာအတတ်သင် ပညာရေးကောလိပ် လက်ထောက်ပါမောက္ခဖြစ်တဲ့ Xiong Tianfang ဟာ မကြာသေးမီရက်ပိုင်းက ပေကျင်းမြို့မှာ China Media Group (CMG) သတင်းထောက်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူမအနေဖြင့် တရုတ်-မြန်မာ သိပ္ပံပညာပြန့်ပွားရေးစင်္ကြံလမ်းတည်ဆောက်ခြင်းနဲ့ နယ်စပ်တိုင်းရင်းသားဒေသ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အကြံပြုချက်များ ယူဆောင်ပေးခဲ့ပြီး ပညာရေးကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်မှုဖြင့် တိုင်းရင်းသားဒေသများကို ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် မျှော်လင့်ထားကြောင့် ဖော်ပြခဲ့ပါတယ်။
Xiong Tianfang ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနယ်နိမိတ်ထိစပ်ရာ ယူနန်ပြည်နယ် တယ်ဟုန်-တိုင်လူမျိုးနှင့်ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စတင်ဆောင်ရွက်ခဲ့တဲ့ တရုတ်-မြန်မာ သိပ္ပံပညာပြန့်ပွားရေးစင်္ကြံလမ်းဟာ စနစ်တကျအသွင်ဖော်တည်ဆောက်ရေးအဆင့်ကို ရောက်ရှိလာခဲ့ကြောင်း၊ စာသင်ကျောင်းများထဲမှာ တရုတ်-မြန်မာ သိပ္ပံပညာပြန့်ပွားရေးများ ရောက်ရှိလာကြောင်း၊ သိပ္ပံပညာပြန့်ပွားရေး ဟောပြောမှုပြိုင်ပွဲ၊ မိုးလေဝသနှင့်ဘေးအန္တရာယ်ကာကွယ်ရေး လျှော့ချရေးဆိုင်ရာများကို တရုတ်-မြန်မာနှစ်ဘာသာဖြင့် ပညာပေးဟောပြောတဲ့အစီအစဥ်များ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့လူငယ်မောင်မယ်များအတွက် ပညာရပ်ဆွေးနွေးဖလှယ်ရန် အရည်အသွေးမြှင့်တင်ရန် ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးနေကြောင်းကို သူမဘက်မှ မိတ်ဆက်ပြောကြားခဲ့ပါတယ်။
ပညာရေးကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်မှုအား နယ်စပ်ဒေသရဲ့လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင် Xiong Tianfang တို့အဖွဲ့ဟာ လက်တွေ့ဖော်ဆောင်မှုမှာ အမျိုးမျိုးသော နည်းလမ်းသစ်များကို ဖော်ထုတ်ခဲ့ပါတယ်။ ဘာသာစကားနှစ်ရပ် ယဥ်ကျေးမှုနှစ်ရပ်တို့နဲ့ ကိုက်ညီမဲ့ ပညာရေးပုံစံအား ကျင့်သုံးခြင်း၊ တရုတ်-မြန်မာ နှစ်ဘာသာသုံး သိပ္ပံပညာပေး လက်စွဲစာအုပ်များ ရေးသားပြုစုခြင်း၊ ဘာသာစကားနှစ်မျိုး ပြောဆိုနိုင်တဲ့ ရှင်းလင်းတင်ပြသူများ ထားရှိပေးကာ ပြည်သူလူထုများ နားလည်လွယ်သော မှတ်မိလွယ်သော နည်းလမ်းပုံစံဖြင့် သိပ္ပံဗဟုသုတများကို ဖြန့်ဝေပေးနေပါတယ်။ သူတို့က သိပ္ပံပညာအသိပေး ယာဥ်များနဲ့ လက်တွေ့သင်တန်းများကို ကျေးရွာနဲ့နယ်စပ်ဒေသများက မူလတန်းကျောင်းများထံ သွားရောက်စေခဲ့ကာ စိတ်ကူးယဥ်ဆန်တဲ့သိပ္ပံပညာရပ် ဗဟုသုတများကို မြင်သာထိတွေ့နိုင်ပြီး နားလည်ရလွယ်ကူအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
ယခုနှစ်ရဲ့တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ်မှာ Xiong Tianfang ဟာ တရုတ်-မြန်မာ သိပ္ပံပညာပြန့်ပွားရေးစင်္ကြံလမ်း အရည်အသွေးမြှင့်တင်ခြင်း၊ နယ်စပ် တိုင်းရင်းသားဒေသ ပညာရေးကဏ္ဍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ပတ်သက်ပြီး အသေးစိတ်အကြံပြုချက် ၃ ရပ်ကို တင်ပြခဲ့ပါတယ်။ ပထမအကြံပြုချက်မှာ နယ်စပ်ဖြတ်ကျော်ပညာရေးနဲ့ တိုင်းရင်းသားဝိသေသဆောင် ပညာရေးထောက်ပံ့မှုများကို မြှင့်တင်သွားရန်ဖြစ်ပါတယ်။ ဒုတိယအကြံပြုချက်မှာ ဒေသဝိသေသဆောင် စိုက်ပျိုးရေး၊ ယဥ်ကျေးမှုနဲ့ခရီးသွားလာရေး၊ နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေး အစရှိတဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီး လက်တွေ့လေ့ကျင့်ရေးစခန်းနဲ့ အတတ်ပညာလေ့ကျင့်ရေးစင်တာများ တည်ဆောက်သွားရန် ဖြစ်ပါတယ်။ တတိယအကြံပြုချက်မှာ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ပြီးပြည့်စုံအောင် တည်ဆောက်ပြီး သိပ္ပံနည်းပညာ၊ ပညာသင်ကြားရေး၊ ယဥ်ကျေးမှုနဲ့ခရီးသွားလာရေး၊ နိုင်ငံခြားရေး အရင်းအမြစ်များကို ပေါင်းစည်းပြီး သိပ္ပံဗဟုသုတများဖြင့် ပြည်သူ့အကျိုးပြုရေးနဲ့ ပညာရေးအရည်အသွေးမြှင့်တင်ရေးတို့အတွက် အင်အားပေါင်းစည်းမှုကို ဖော်ဆောင်သွားရန် ဖြစ်ပါတယ်။
တရုတ်-မြန်မာ သိပ္ပံပညာပြန့်ပွားရေးစင်္ကြံလမ်းရဲ့တည်ဆောက်မှုဟာ “Belt and Road” အဆိုပြုချက်အောက်ရှိ ပြည်သူအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ထိတွေ့ဆက်ဆံရေးကို လက်တွေ့ကျကျ ဖော်ဆောင်နေခြင်းဖြစ်ရုံသာမက တိုင်းရင်းသားဒေသ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် အကောင်းဆုံးအခွင့်အရေးတစ်ရပ်ပဲ ဖြစ်တယ်လို့ Xiong Tianfang က ဆိုပါတယ်။