
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် လှူဒါန်းသည့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် ဒုတိယမြောက် စီမံကိန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးရှိ U Energy စက်ရုံတွင် ကျင်းပခဲ့စဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ သာကေတမြို့နယ်တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တပ်ဆင်ထားသည့် ဆိုလာစွမ်းအင်သုံးလမ်းမီးများသည် ညအချိန် လမ်းပန်းဆက်သွယ်ရေး၊ အများပြည်သူ ဘေးကင်းရေးနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ယူနန်ပြည်နယ် ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်းမှ ဦးစီးကာ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ်စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးမှ တာဝန်ယူ၍ Myanmar and Yunnan Energy Group က U-Energy Thaketa Power Co., Ltd. (UREC) (China) မှ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆိုလာစွမ်းအင်သုံးလမ်းမီးများကို ဈေးများ၊ ပန်းခြံများ၊ ဓာတ်ဆီဆိုင်များနှင့် ရုံးများတည်ရှိရာဇုန်များ အပါအဝင် လူနေထူထပ်သော အများပြည်သူသွားလာသည့် နေရာများတွင် တပ်ဆင်ထားကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ မှ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်ပေးသည့် အဓိကလမ်းမကြီးဖြစ်သည့် ဧရာဝဏ်လမ်းတစ်လျှောက် လမ်းသွားလမ်းလာများ၊ လမ်းဘေးဈေးသည်များ၊ အငှားယာဉ်များနှင့် ဘတ်စ်ကားများအတွက် အဆိုပါ ဆိုလာလမ်းမီးများက လွန်စွာအကျိုးရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလမ်းမီးများကို နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီမတိုင်ခင်အထိ မီးထွန်းထားကြောင်း သိရသည်။ လမ်းတစ်လျှောက်တွင် ထိန်လင်းသော မီးအလင်းရောင်ဖြင့် လမ်းဘေးဈေးသည်များနှင့် ဈေးဆိုင်ငယ်များအနေဖြင့် ၎င်းတို့၏ အရောင်းအဝယ်ပြုလုပ်ချိန်ကို ထပ်မံတိုးမြှင့်နိုင်သကဲ့သို့ လမ်းသွားလမ်းလာများအနေဖြင့်လည်း အဆိုပါဧရိယာအတွင်း ဘေးကင်းလုံခြုံစွာသွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် ညအချိန် သွားလာသူများ တိုးမြင့်လာသဖြင့် လမ်းများ ပိုမိုစည်ကားလာသလို လုံခြုံမှုလည်းရှိလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အဆိုပါ နေစွမ်းအင်သုံး လမ်းမီးများက လျှပ်စစ်ဓာတ်အားလိုင်းအား အသုံးပြုစရာမလိုသည့်အတွက် စွမ်းအင်ကုန်ကျစရိတ်များ လျှော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ခြင်းကြောင့် ယင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိစေကြောင်း ဦးကျော်သူက ဆိုသည်။
ထိုစီမံကိန်းမှာ တရုတ်နှင့် မြန်မာကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း ၎င်းကဆိုသည်။
အဆိုပါ လမ်းများ၏ သက်ရောက်မှုကြောင့် ၎င်းတို့၏နေ့စဉ်လူမှုဘဝများအတွင်း လှုပ်ရှားသွားလာရာတွင် ရှင်းရှင်းလင်း မြင်တွေ့ရကြောင်းကိုလည်း ဒေသခံများနှင့် အလုပ်သမားများက ပြောကြားခဲ့ကြသည်။
မော်တော်ဆိုင်ကယ် ကယ်ရီမောင်းသူ အသက် ၄၉ နှစ်အရွယ် ဦးစိန်ပန်းက လမ်းမီးများ မတပ်ဆင်မီ ညဘက်တွင် မှောင်နေပြီး ဘေးကင်းမှုမရှိကြောင်း ပြောပြခဲ့သည်။
“လူတွေကို ရှင်းရှင်းလင်းလင်း မတွေ့ရတဲ့အတွက် ဆိုက်ကယ်မောင်းရတာ အန္တရာယ်များတယ်” ဟု ၎င်းက ဆိုသည်။
“အခုလမ်းက လင်းလင်းချင်းချင်းရှိလာတော့ ခိုးမှုတွေ၊ လုယက်မှုတွေလည်း လျော့သွားတယ်။ အရင်တုန်းက အလုပ်က ည ၈ နာရီမှာ အလုပ်သိမ်းပေမဲ့ အခုကျတော့ ည ၁၀ နာရီအထိ ကယ်ရီဆွဲနိုင်ပြီ။ ကယ်ရီဆွဲသူတွေရော ခရီးသည်တွေအတွက်ပါ ပိုပြီးလုံခြုံသလို ကယ်ရီဆွဲသူတွေအတွက်လည်း နောက်ကျတဲ့အထိ အလုပ်လုပ်နိုင်တဲ့အတွက် ဝင်ငွေလည်းပိုရတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
လမ်းနံဘေးတွင် အအေးဆိုင်တစ်ဆိုင်ဖွင့်ထားသူ အသက် ၆၀ အရွယ် ဒေါ်တင်တင်မြက ယခင်က လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် ဆိုင်စောစောပိတ်ခဲ့ရသည်ဟု ဆိုသည်။
“လျှပ်စစ်မီးပျက်ရင် လုံးဝကိုမှောင်သွားရော” ဟုဒေါ်တင်တင်မြက ပြောသည်။
“အခုဆိုလာမီးတွေလင်းနေတော့ ကျွန်မဆိုင်ကို ည ၁၀ နာရီအထိ ဖွင့်ထားနိုင်တယ်၊ ဝင်ငွေပိုရပြီး ပိုလုံခြုံတယ်လို့ ခံစားရတယ်” ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။
မော်တော်ဆိုင်ကယ် ကယ်ရီမောင်းသူ အသက် ၄၃ နှစ်ရှိ ဦးထွန်းထွန်းနိုင်က ညဘက်မီးအလင်းရောင် ပိုမိုကောင်းမွန်စွာရရှိခြင်းကြောင့် ညနေတိုင်း အချိန်တစ်နာရီမှ နှစ်နာရီအထိ အလုပ်ပိုမိုလုပ်ကိုင်နိုင်ကြောင်း ၎င်းကပြောသည်။
“မတော်တဆမှုတွေ နည်းပါးလာပြီး ဈေးရောင်းသူတွေရော လမ်းသွားလမ်းလာတွေပါ ပိုလုံခြုံတယ်လို့ ခံစားရတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဘေးအန္တရာယ်ကင်းရှင်းကာ ပိုမိုကောင်းမွန်လာစေရန်၊ အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းနှင့် ဒေသခံနေထိုင်သူများအား ညအချိန်တွင် ပိုမိုယုံကြည်စွာ သွားလာအလုပ်လုပ်နိုင်သည့် အဆိုပါစီမံကိန်းသည် ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝများကို ပိုမိုကောင်းမွန်လာစေကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးကိုလည်း ခိုင်မာအားကောင်းလာစေခဲ့ကြောင်း သိရသည်။






