
၂၀၂၆ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်၂၀၂၆ခုနှစ် စက်တင်ဘာ ၂၆ ရက်က ကျင်းပစဉ်
၂၀၂၆ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်က ကျင်းပခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်ထုတ် နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာ The Global New Light of Myanmar ၏ ဖော်ပြချက်အရ သိရသည်။
မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနား၌ နှလုံးကျန်းမာရေး အသိပညာပေး ဟောပြောမှုများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှလုံးရောဂါအထူးကုဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာကျော်စိုးဝင်းက နှလုံးခုန်ရပ်တန့်သွားသူအား ရင်ဘတ်ကို လက်ဖြင့်ဖိပြီး ပြုလုပ်သော ရှေးဦးသူနာပြု နှလုံးနှိုးဆွနည်းကို သင်ထောက်ကူပစ္စည်းဖြင့် လက်တွေ့သရုပ်ပြခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ထို့ပြင် အခမ်းအနားတက်ရောက်လာသူများကိုလည်း ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအဆီဓာတ် (Lipid Profile) စစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ် (RBS) စစ်ဆေးခြင်းနှင့် လာမည့် ၁၀ နှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ခြေ၊ နှလုံးညှစ်အားနည်းရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ တွက်ချက်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းတွင် ဖြည့်စွက်ဖော်ပြထားသည်။
နှလုံးသွေးကြောရောဂါများနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်နှင့် နှလုံးကျန်းမာရေးကောင်းမွန်သည့် နေထိုင်မှုပုံစံကို အားပေးမြှင့်တင်ရန် ရည်ရွယ်လျက် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို နှစ်စဉ် စက်တင်ဘာ ၂၉ ရက်၌ ကမ္ဘာတစ်ဝန်း ကျင်းပလေ့ရှိကြောင်း သိရသည်။