
မြန်မာနိုင်ငံ နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ကျင်းပသော ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို တွေ့ရစဉ်
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
ဝါးထုတ်လုပ်မှုက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနေသည့်အပြင် ဝါးက ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေ ဖြစ်စေသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူပြုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။
ယခုနှစ် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်မှာ “ဝါးကဏ္ဍဘက်စုံမြှင့်တင်ဖို့ နယ်ပယ်သစ်များချဲ့ထွင်စို့” “Bamboo Beyond Borders” ဖြစ်ကြောင်း၊ ဝါးသယံဇာတက စီးပွားရေးအရ အကျိုးများစွာပေးသည်ကို လူအများသိရှိနိုင်ရန်၊ ဝါးကိုအခြေခံသည့် စက်မှု၊ လက်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝါးကို ရေရှည်တည်တံ့အောင် စနစ်တကျအသုံးပြုနိုင်ရန်နှင့် ပြည်သူများအကြားနိုးကြားသည့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဝါးထုတ်ယူရာတွင် သဘာဝတောများမှ ရေရှည်တည်တံ့စေသော စီမံအုပ်ချုပ်မှု နည်းစနစ်များကို အခြေခံပြီးဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။