ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ လုံခြုံရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး မြှင့်တင်မည်

Xinhua,    August 14, 2026
Size:

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့က လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားနှင့် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြသလို ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကိုလည်း ဩဂုတ် ၆ ရက်က အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဦးမင်းအောင်လှိုင်အား သမ္မတတာဝန်ထမ်းဆောင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဧပြီလက သမ္မတတာဝန်ထမ်းဆောင်ပြီးနောက် ခရီးစဉ်သွားရောက်သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ခြင်းက နှစ်နိုင်ငံဆက်ဆံရေး နီးကပ်စွာတည်ရှိမှုကို ဖော်ပြခြင်းလည်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၌ မြန်မာနိုင်ငံ ပါဝင်မှုကို ထောက်ခံအားပေးရန် အသင့်ရှိကြောင်း အနူတင်က ပြောခဲ့သည်။

အနူတင်က လုံခြုံရေးကဏ္ဍအနေဖြင့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို အလေးထားပြောကြားခဲ့သလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အထူးသဖြင့် မူးယစ်ဆေးဝါးများ၊ အွန်လိုင်းလောင်းကစားများနှင့် ငွေကြေးခဝါချမှုများ တိုက်ဖျက်ရေးအတွက် ပိုမိုခိုင်မာစွာပူးပေါင်းဆောင်ရွက်ရန်လည်း အဆိုပြုခဲ့သည်။

ထို့ပြင် စီးပွားရေးကဏ္ဍနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအနေဖြင့် စည်းမျဉ်းကြီးကြပ်မှုပိုင်းဆိုင်ရာ အတားအဆီးများ ဖြေလျှော့ရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖော်ဆောင်ရေးနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်မှု မြှင့်တင်ရေးအတွက်လည်း အနူတင်က တိုက်တွန်းခဲ့သည်။

ထို့ပြင် ၎င်းက ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးအား လက်ခံကျင်းပရန် အသင့်ရှိပြီဖြစ်သလို စွမ်းအင်ကဏ္ဍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ငွေပေးချေမှုယန္တရားများ တိုးတက်ရေးနှင့် ဒေသတွင်း စီးပွားရေးစင်္ကြံများ ဖော်ဆောင်မှု စသည်တို့ကို အဆိုပြုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စီးပွားရေးအတွက် မြန်မာလုပ်သားများ၏ အရေးပါမှုကိုလည်း အနူတင်က အလေးထားပြောကြားခဲ့ပြီး ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးရေးနှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေအရည်အသွေးနှင့် ကမ္ဘာမြေလေ့လာစူးစမ်းခြင်းနည်းပညာအား ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ သဘောတူစာချုပ် သုံးခု အပြန်အလှန်ဖလှယ်ခြင်းအား သက်သေပြုခဲ့ကြကြောင်း သိရသည်။