
ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကွန်တိန်နာသင်္ဘောများအား တွေ့ရစဥ်
မြန်မာနိုင်ငံရှိ ရန်ကုန်ဆိပ်ကမ်း၌ ၂၀၂၆ ခုနှစ် ပထမ ၇ လဖြစ်သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကုန်တင်သင်္ဘောအရေအတွက် ၄၀၂ စင်း ၀င်ရောက်ဆိုက်ကပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (သြဂုတ် ၆ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်း ရန်ကုန်ဆိပ်ကမ်းသို့ ဇူလိုင်လအတွင်း နိုင်ငံတကာကွန်တိန်နာသင်္ဘော ၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ်အတွင်း ကွန်တိန်နာသင်္ဘော ၇၂၈ စင်း ၀င်ရောက်ခဲ့ပြီး ယင်းအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၆၃၃ စင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၆၂၉ စင်းထက် ပိုမိုများပြားလာခြင်း ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်အတွင်းပိုင်းဆိပ်ကမ်းနှင့် သီလဝါအပြင်ပိုင်းဆိပ်ကမ်းတို့ ပါဝင်ပြီး စုစုပေါင်း သင်္ဘောဆိပ်ခံတံတား ၄၈ ခု ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကနိုင်ငံတကာဆိပ်ကမ်းတစ်ခုဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံ၏ ပုံမှန်ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ ပို့ကုန်နှင့် သွင်းကုန်ဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ပို့ကုန်အပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သော အထောက်အထားစာရွက်စာတမ်းဖြင့် ဝင်ခွင့်ပြု၍ အကောက်ခွန်ဦးစီးဌာနမှစစ်ဆေးပြီးနောက် ကုန်ပစ္စည်းတင်ပို့မှုကို ဆောင်ရွက်ကြောင်း၊ သွင်းကုန်အပိုင်းတွင် ကုန်တင်သင်္ဘောမှချသော ကုန်သေတ္တာများကို ယာယီစုပုံပြီး Customer များကိုယ်တိုင် စာရွက်စာတမ်းဖြင့် အခွန်အခပေးဆောင်၍ ကုန်သေတ္တာကိုထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကုန်သေတ္တာဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများ၊ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။