တရုတ်နိုင်ငံ၏ AI ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် အခွင့်အလမ်းများ ကမ်းလှမ်းလျက်ရှိဟု မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင် ပြောကြား

Xinhua,    August 11, 2026
Size:

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာ (AI) ညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုအဆင့်မြင့်အစည်းအဝေးအတွင်း စားပွဲတင်တင်းနစ်ကစားနေသော စက်ရုပ်တစ်ရုပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်

တရုတ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍတွင် ဦးဆောင်တွန်းအားအဖြစ် ထွက်ပေါ်လာခဲ့ပြီး ရှင်းလင်းသော အမျိုးသားမူဝါဒများဖြင့် မြှင့်တင်လျက်ရှိကာ နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းများနှင့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များကို တွန်းအားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ဝါရင့်အကြံပေးအဖွဲ့ဝင်  ဒေါက်တာနိုင်ဆွေဦးက ဉာဏ်ရည်တုနည်းပညာ (AI) ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဇူလိုင်လက တည်ထောင်ခဲ့သော ကမ္ဘာ့ ဉာဏ်ရည်တုနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (WAICO) အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံ၌ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံများက ၎င်းတို့ကိုယ်ပိုင် AI နည်းပညာအလေးထားသည့် အဖွဲ့အစည်းများ ထူထောင်လာသလို  တရုတ်နိုင်ငံကလည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအား ပံ့ပိုးကူညီရန် WAICO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ AI နည်းပညာများ မျှဝေရန်နှင့် ယင်းဒေသများ၌ ဒစ်ဂျစ်တယ်ဆိုင်ရာကွဲပြားမှုကို ပေါင်းကူးတံတားအဖြစ် အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကာ AI နည်းပညာလုပ်ငန်းအား လေ့လာခဲ့သည့် ဒေါက်တာနိုင်ဆွေဦးက တရုတ်နိုင်ငံ၏ အဆင့်မြင့် AI ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အစိုးရရော ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများကပါ AI အဆင့်မြှင့်တင်ရာ၌ ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။ 

တရုတ်နိုင်ငံ၏ ရှင်းလင်းသော မဟာဗျူဟာမြောက်လမ်းပြမြေပုံနှင့် မူဝါဒကျောထောက်နောက်ခံပြုထားမှုက AI ကဏ္ဍ၌ တိုးတက်မှုကို အားဖြည့်ပေးလျက်ရှိသည်ဟု ဒေါက်တာနိုင်ဆွေဦးက ထောက်ပြခဲ့သည်။ မူဝါဒပံ့ပိုးမှုက နည်းပညာဆိုင်ရာ လူရည်ချွန်နှင့် စီးပွားရေးလုပ်ငန်းများကို ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ထိုစီးပွားရေးလုပ်ငန်းများက မာလ်တီနေရှင်နယ်အဖြစ် ကြီးထွားတိုးတက်လာသည်နှင့်အညီ AI နယ်ပယ်၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဆက်လက်ချဲ့ထွင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

တရုတ်နိုင်ငံ၏ ခိုင်မာတောင့်တင်းသော AI ‌ဂေဟစနစ် ကျောထောက်နောက်ခံပြုထားသည့် WAICO အဖွဲ့သည် AI လက်တွေ့အသုံးချမှုများအတွက် အလားအလာကျယ်ကျယ်ပြန့်ပြန့်ရှိသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို အားဖြည့်ပေးနိုင်မည့် နေရာကောင်းလည်းဖြစ်သည်။ 

စိုက်ပျိုးရေးကို မှီခိုနေရသည့် နိုင်ငံဖြစ်ပြီး ကျေးလက်ဒေသတွင် နေထိုင်သူများပြားသည့် မြန်မာနိုင်ငံတွင် AI နည်းပညာဖြင့် မိုးလေဝသအခြေအနေခန့်မှန်းခြင်း၊ ပိုးမွှားထိန်းချုပ်ခြင်း၊ ဆည်မြောင်းလုပ်ငန်းထိန်းသိမ်းခြင်းအတွက်  ဖြန့်ကြက်အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် Telemedicine မှတစ်ဆင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် AI နည်းပညာကို အသုံးပြုနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

AI စွမ်းဆောင်မှုများ ခိုင်မာအားကောင်းရေးနှင့် ယင်းကဏ္ဍရှေ့ဆက်ရေးအတွက် ဘုံတိုးတက်မှု ရရှိရေးအတွက် နည်းပညာလွှဲပြောင်းမှု၊ ထူးချွန်သူများမွေးထုတ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။ 

“ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် AI ခေတ် အခွင့်အလမ်းတွေ အပြည့်အဝဖော်ထုတ်နိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး အကျိုးကျေးဇူးရရှိစေမယ့် AI နည်းပညာ တိုးတက်ရေးအတွက် ပူးတွဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။  

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာ (AI) ညီလာခံ၌ လူပုံစံတူစက်ရုပ်နှင့်အတူဓာတ်ပုံရိုက်နေသူတစ်ဦးကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ်