
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေသော မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပညာရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ကြောင်း ဩဂုတ် ၁ ရက် ထုတ် The Global New Light of Myanmar သတင်းစာအရ သိရသည်။
နိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်ရန် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍ အသုံးစရိတ်များ အပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍအတွက် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်လည်း ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတူ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များအား ပညာသင်ကြားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သလို ပညာရေးစနစ်အားနည်းသည့် ဒေသများအတွက်အထူးစီမံချက်များ ချမှတ်ပြီး ကျောင်းသား၊ ကျောင်းသူများက KG+9 အထိ ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးမည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။