APEC စီးပွားရေးအတိုင်ပင်ခံကောင်စီ ထိုင်းနိုင်ငံအစည်းအဝေးတွင် အရည်အသွေးမြင့်မူဝါဒ အကြံပြုချက်များကို အဓိကထား ဆွေးနွေး

Xinhua,    July 14, 2026
Size:

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (APEC) စီးပွားရေးအတိုင်ပင်ခံကောင်စီ (ABAC)တတိယအကြိမ်အစည်းအဝေးတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် တက်ရောက်အမှာစကား ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ်

၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးအတိုင်ပင်ခံကောင်စီ (ABAC)တတိယအကြိမ်မြောက် အစည်းအဝေးသည် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် အတည်ပြုသည့် ABAC ၏ တစ်နှစ်ပတ်လုံး အောင်မြင်မှုရလဒ်များမှာ ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးအတွက် အရည်အသွေးမြင့်မူဝါဒ အကြံပြုချက်များ စုစည်းပေးခဲ့သည်။

အဆိုပါ အစည်းအဝေးပိတ်ပွဲအခမ်းအနားများသို့ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စီးပွားရေးကဏ္ဍ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

လေးရက်ကြာ ကျင်းပသည့်အစည်းအဝေးတွင် APEC စီးပွားရေးအစုအဖွဲ့ ၂၁ ခု ၏ ABAC ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်းများ၊ ကျွမ်းကျင်ပညာရှင်များ စသည့် လူပေါင်း ၂,၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ပြောင်းခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်ခြင်းနှင့် အပြန်အလှန်ချိတ်ဆက်ခြင်း ဟူသော အဓိကကဏ္ဍကြီး လေးရပ်ကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။ အစည်းအဝေးတွင် ABAC မှ ခေါင်းဆောင်များထံပေးပို့သော စာလွှာနှင့် အစီရင်ခံစာများကိုလည်းကောင်း၊ ABAC မှ စီးပွားရေးအစုအဖွဲ့ အသီးသီး၏ ဘဏ္ဍာရေး၊ စွမ်းအင်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်၊ စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများထံသို့ ပေးပို့သော စာလွှာ ၆ စောင်နှင့်တကွ ကွမ်တမ်နည်းပညာ၊ ကျန်းမာရေးနှင့် ဆေးကုသရေး၊ သတ္တုလုပ်ငန်းနယ်ပယ် စသည့် ကြေညာချက် သုံးစောင် စသည့် အဓိကရလဒ် စာရွက်စာတမ်း ၁၀ ခုကိုလည်းကောင်း အတည်ပြုခဲ့သည်။