တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်

Xinhua,    July 09, 2026
Size:

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ထွက်ခွာမည့် နိုင်ငံတကာခရီးသည်တင်ရထားတွဲတစ်စင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းနန်ရထားဘူတာ၌ ရပ်နားထားသည်ကို တွေ့မြင်ရစဉ်

တရုတ်-လာအိုရထားလမ်းစတင်ဖွင့်လှစ်ပြေးဆွဲသည့်အချိန်မှစ၍ ဇူလိုင် ၈ ရက် နံနက်ပိုင်းအထိ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုသည် တန်ချိန် သန်း ၂၀ ထက်ကျော်လွန်ခဲ့ပြီး ပြေးဆွဲသည့် နယ်စပ်ဖြတ်ကျော် ကုန်စည်ရထားတွဲပေါင်း ၂၃,၀၀၀ ကျော်ရှိကြောင်း ဇူလိုင် ၈ ရက်တွင် China Railway Kunming Group Co., Ltd မှ သိရသည်။
တရုတ်-လာအိုရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ပြေးဆွဲလည်ပတ်သည့်အချိန်မှစ၍ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ၏ နှစ်နိုင်ငံရထားလမ်းဌာနများသည် ကုန်စည်ပို့ဆောင်ရေးစီစဉ်မှုကို မြှင့်တင်ပြီး ပို့ဆောင်မှုစွမ်းရည်နှင့် လုပ်ငန်းတွင်ကျယ်မှု တိုးမြှင့်လာခဲ့သဖြင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် တစ်ဆင့်ချင်းတိုးတက်လာရာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း ပို့ဆောင်မှုတန်ချိန်မှာ ၁၇ သန်းနီးပါး ရှိလာခဲ့သည်။
ယခုနှစ်အတွင်း တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုသည် မြင့်မားသောအဆင့်တွင် ဆက်လက်လည်ပတ်ခဲ့သည်။ ပျမ်းမျှတစ်ရက်လျှင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်သော ကုန်စည်ပမာဏသည် တန်ချိန် ၁၇,၀၀၀ ရှိပြီး လက်ရှိတွင် စုစုပေါင်း တန်ချိန် ၃.၁၆ သန်းရှိလာကာ ယမန်နှစ်ကာလတူထက် တည်ငြိမ်စွာတိုးတက်နေသဖြင့် “ရွှေရောင်လမ်းကြောင်း” အကျိုးသက်ရောက်မှုများ ဆက်လက်ပေါ်ထွန်းလျက်ရှိသည်။
လက်ရှိတွင် တရုတ်-လာအိုရထားလမ်း ကုန်ပစ္စည်းပို့ဆောင်မှုသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံနှင့်ဒေသ ၁၉ ခုကို လွှမ်းခြုံထားပြီး ပို့ဆောင်သော ကုန်စည်အမျိုးအစားသည် စတင်ပြေးဆွဲသည့် ကနဦးကာလက ၁၀ မျိုးကျော်ရှိရာမှ ၃,၈၀၀ ကျော်အထိတိုးချဲ့လာခဲ့သည်။ “လန်ချန်း-မဲခေါင်အမြန်လမ်း” ၊ “တရုတ်-လာအိုရထားလမ်း + တရုတ်-ဥရောပရထားလမ်း” ၊ “တရုတ်-လာအိုရထားလမ်း + အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်” စသည့် နိုင်ငံတကာ ပူးတွဲပို့ဆောင်ရေးအမှတ်တံဆိပ်လမ်းကြောင်းများသည်လည်း တစ်နေ့တခြား တိုးတက်လာလျက်ရှိကြောင်း သိရသည်။