
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၌ တရုတ်-လာအို ၅၀၀-ကေဗီ ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်ရေး စီမံကိန်း၏ ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်း အစိတ်အပိုင်းတစ်ခုအား စစ်ဆေးနေသည့် ပညာရှင်များကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ်
၂၀၂၆ ခုနှစ်သည် လာအို-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ်မြောက် အခါသမယ ဖြစ်သကဲ့သို့ တရုတ်-လာအို ချစ်ကြည်ရေးနှစ်လည်းဖြစ်သည်။
လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၁၉၆၁ ခုနှစ် ဧပြီ ၂၅ ရက်၌ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ ရေရှည်တည်ငြိမ်မှုရှိရေး၊ အိမ်နီးချင်းကောင်းပီသရေး၊ အပြန်အလှန်ယုံကြည်မှုရှိရေး၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မူဝါဒများကို စွဲမြဲခိုင်မာစွာ ကတိကဝတ်ပြုခဲ့ကြသည်။
လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ ထောင်လွန်း ဆီဆုလစ်က ဇွန် ၂ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းနှင့်အတူ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဆက်ဆံမှုများသည် ဆက်လက်နက်ရှိုင်းခိုင်မာလာခဲ့သည်။
အဆင့်မြင့်အလွှာ အပြန်အလှန်ထိတွေ့ဆက်ဆံမှုများ
၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများက လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး ရေရှည်တည်တံ့မှုကို ဆက်လက်ပေါ်လွင်ထင်ရှားစေခဲ့သည်။
လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) ၏ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက်အား အောင်မြင်စွာ ကျင်းပနိုင်မှုနှင့် ၁၂ ကြိမ်မြောက် LPRP ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထောင်လွန်း ဆီဆုလစ် ရွေးကောက်ခံရမှုတို့ကို ဂုဏ်ပြုစကားပြောကြားရန် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အထူးသံတမန်ဖြစ်သူ လျိုဟိုင်ရှင်းက ဇန်နဝါရီလ၌ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည်။
ထို့အတူ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး ခိုင်မာစေရေးအတွက် လာအိုနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလလယ်၌ တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ်မြောက် အခါသမယတွင်လည်း တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ ခေါင်းဆောင်တို့က ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ထားသည့် ဆိုရှယ်လစ် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အတွေးအခေါ်နှင့် ယုံကြည်ချက်ချင်း၊ လူမှုရေးစနစ်ချင်း၊ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းချင်း တူညီကာ တစ်စိတ်တစ်ဝမ်းတည်း ရှိသကဲ့သို့ ယခင် ပါတီနှင့် နိုင်ငံ့ခေါင်းဆောင် မျိုးဆက်များကိုယ်တိုင် ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သော ရဲဘော်ရဲဘက်ပီသသည့် ညီရင်းအစ်ကိုပမာ ချစ်ကြည်ရင်းနှီးမှုသည်လည်း အချိန်ကြာမြင့်လေ ပိုမိုခိုင်မြဲလေဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်းရေးသားခဲ့သည်။
ထောင်လွန်း ဆီဆုလစ်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ ခက်ခဲသော ကာလများတွင် ညီညီညွတ်ညွတ်ရှိခဲ့သည့် ပါတီနှစ်ရပ်ကြား၊ နှစ်နိုင်ငံအကြား၊ ပြည်သူနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ တိုးမြှင့်နိုင်ခဲ့သလို လာအို-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရာတွင်လည်း အကျိုးကျေးဇူးများပြားသော ရလဒ်များ ဖြစ်ထွန်းခဲ့သည်ဟု ဆိုသည်။
ဘုံဖွံ့ဖြိုးတိုးတက်မှု
လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံရေးအရ နီးကပ်သောဆက်ဆံရေး ရှိရုံသာမက အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုတို့တွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း ဆက်လက်ဖော်ဆောင်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များ ဖန်တီးပေးခဲ့သည်။
တရုတ်-လာအို ရထားလမ်းမှာ နှစ်ဖက်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ သမိုင်းမှတ်တိုင်အဖြစ် ကိုယ်စားပြုလျက်ရှိကာ လာအိုနိုင်ငံအနှံ့တွင် အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်မှု ချဲ့ထွင်ခြင်းတို့ကိုလည်း အထောက်အကူပြုလျက်ရှိသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းသို့ ထွက်ခွာလာသည့် ခရီးသည်တင်ရထားတစ်စင်းပေါ်၌ အနုပညာရှင်များ ဖျော်ဖြေနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ်