မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ

Xinhua,    June 02, 2026
Size:

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ် မေ ၃၀ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ- Head of state)

မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ကို ယနေ့ (မေ ၃၀ ရက်) နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် အိန္ဒိယနိုင်ငံ၊ ဂါယာလေဆိပ်သို့ ရောက်ရှိကြရာ ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး Lt. Gen. Syed Ata Hasnain နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်၊ မြန်မာကောင်စစ်ဝန်ချုပ်တို့က လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
ယင်းခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း ၊ အထင်ကရအခြေခံ အဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ် မေ ၃၀ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ- Head of state)

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ် မေ ၃၀ ရက်က ရောက်ရှိစဉ် (ဓာတ်ပုံ- Head of state)