ကမ္ဘောဒီးယားနိုင်ငံနှင့် ပင်လယ်ပြင် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို

Xinhua,    May 07, 2026
Size:

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လွှတ်တော်ဝါတာတွင် ဘွန်ဂျိုင်ထိုင်းပါတီ (BJT) ကိုယ်စားလှယ်လောင်း အနူတင်ချန်ဗီရာကူးလ်က အောက်လွှတ်တော်အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရုံးက ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော ပင်လယ်ပြင် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ယခင်ဝန်ကြီးချုပ် သက်ဆင် အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်ချင်းထပ်နေသည့် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်အား ကမ္ဘောဒီးယားဘက်သို့ အကြောင်းကြားရန် မလိုအပ်ကြောင်း၊ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း အနူတင်က ထိုနေ့ ဝန်ကြီးချုပ်ရုံး၌ အစည်းအဝေးတက်ရောက်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ဤစာချွန်လွှာကို ဖျက်သိမ်းလိုက်ခြင်းမှာ ယင်းအား နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော်လည်း တိုးတက်မှုမရှိသောကြောင့် ဖြစ်သည်ဟု ထိုင်းရေတပ်ဦးစီးချုပ် Admiral Thadawut Thatpitakkul က သတင်းထောက်များအား ပြောပြခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသည် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” တွင် ပါဝင်ခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် သဘောတူညီချက် မူဘောင်အတွင်း ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စာချွန်လွှာကို ၂၀၀၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အဓိကအားဖြင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအနေဖြင့် ရေနံအရင်းအမြစ်များ ပူးတွဲအသုံးပြုခြင်း အပါအဝင် ပင်လယ်ပြင် နယ်နိမိတ်များနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရန် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရုံး၏ ဆုံးဖြတ်ချက်များသည် ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ထံ တင်ပြရပြီး အတည်ပြုချက်ရရှိမှသာ အသက်ဝင်မည်ဖြစ်သည်။