
ဒေသ စံတော်ချိန် ယခုလ ၁၀ရက်နေ့ နံနက်ပိုင်းက တတိယအကြိမ် ပြည်ထောင်စု လွှတ် တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားသော သမ္မတ၊ ဒုတိယ သမ္မတများနှင့် အစိုးရသစ် အဖွဲ့ဝင်များ၏ ကျမ်း သစ္စာ ကျိန်ဆိုပွဲကို ကျင်းပခဲ့ပါသည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်သည့် ဦးညိုစော နှင့် ဒေါ်နန်းနီနီအေးတို့က ပြည်ထောင်စု လွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယခုအကြိမ် အစိုးရသစ်တွင် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ကော်မတီ ၃၁ခု ဖွဲ့စည်း ထားရှိပြီး စုစုပေါင်း ဝန်ကြီး ၃၀ဦး ပါဝင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် အစိုးရသစ် အဖွဲ့ဝင်များသည် ပြည်ထောင်စု လွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယင်းနေ့တွင်ပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အသစ် တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။